
ပုံစာ။ ဝက်လူးရဲစခန်းတိုက်ပွဲအတွင်း သေဆုံးနှင့် ဖမ်းမိသူဟုဆိုကာ အမှတ် (၁) စစ်ဒေသ ထုတ်ပြန်ဖြန့်ဝေနေသည့်ပုံအချို့မြင်ကွင်း (Photo / CRD)
◾ တိုက်ပွဲအတွင်း PDF ဘက်က နှစ်ဦးသာသေဟု ပြော
၁၁.၃. ၂၀၂၅
Written by Nay Moe
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်လာသော တပ်မ-၁၀၁ လက်အောက်ခံ အင်အား (၂၀၀) ခန့်ပါ စစ်ကြောင်းအား မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀)၊ နွားထိုးကြီးမြို့နယ် ပကဖနှင့် မဟာမိတ် ပူးပေါင်းအဖွဲ့တို့မှ ကျတွင်းဘိုးရွာ အနောက်တောင်ဘက်၌ မတ်လ (၉) ရက်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ လခရအဖွဲ့ဝင် ၂၅ ဦးသေဆုံးပြီး ၁၄ ဦး ဖမ်းမိကာ လက်နက် ၄၄ လက် သိမ်းမိသည်ဟု NUG ဩဇာခံ အမှတ် (၁) စစ်ဒေသက ယနေ့ထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင် (၂၅) ဦး သေဆုံးပြီး ဗိုလ်မှူးဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီးအောင်ကိုကို အပါ (၁၄) ဦး ဖမ်းဆီးရမိသည်ဟုလည်း အမှတ် (၁) စစ်ဒေသက ဖြန့်ဝေသော ပုံများတွင် ဖမ်းမိသူနှင့်သေဆုံးသူဓာတ်ပုံများပါဝင်သော်လည်း MT News က ထိုထုတ်ပြန်သည့်ပုံများမှန် မမှန် မြေပြင်အတည်မပြုနိုင်ခြေ။
တိုက်ပွဲအတွင်း ရရှိသည့် လက်နက် (၄၄) လက်တွင် MA-1 (၁၉) လက်၊ MA-2 (၂) လက်၊ MA-3 (၇) လက်၊ MA-5 (၂) လက်၊ MA-11 (၇) လက်၊ MA-12 (၁) လက်၊ G-3 (၂) လက်၊ G-4 (၁) လက်၊ ၆၀ မမ ပြောင်းတို (၂) လက်၊ ၈၁ မမ စိန်ပြောင်း (၁) လက်)၊ 5.56 ကျည် (၁၂၀၀၀) တောင့်၊ 7.62 ကျည် (၁၀၄၅) တောင့်၊ ၉ မမ ကျည် (၁၉) တောင့်၊ ၆၀ မမ ကျည် (၂၈) လုံး၊ ၈၁ မမ ကျည် (၇) လုံး၊ RPG ကျည်အဖူး (၇) လုံး၊ RPG ပို့ကျည် (၈) တောင့်၊ အီနာဂါ (၂၁) လုံး၊ နင်းမိုင်း (၅) လုံး၊ လက်ပစ်ဗုံး (၁၁) လုံး၊ Laptop (၂) လုံး၊ ဆက်သွယ်ရေးစက် (၂) လုံး သိမ်းဆည်းရမိသည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
တိုက်ပွဲအတွင်း မိတ္ထီလာနှင့် တံတားဦးမှ တက်သော ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်း (၂) ကြိမ် တိုက်ခိုက်ခဲ့ပြီး PDF ပူးပေါင်းတပ်ဘက်မှ နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် (၂) ဦး သေဆုံးသည်ဟုလည်း အမှတ် (၁) စစ်ဒေသက ပြောသည်။
ပုံစာ။ ဝက်လူးရဲစခန်းတိုက်ပွဲအတွင်း သေဆုံးနှင့် ဖမ်းမိသူဟုဆိုကာ အမှတ် (၁) စစ်ဒေသ ထုတ်ပြန်ဖြန့်ဝေနေသည့်ပုံအချို့မြင်ကွင်း (Photo / CRD)