၁၁.၃.၂၀၂၅
Written by Hey Mar
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က မနေ့က မတ်လ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ရုပ်အလောင်း လာရောက်သယ်ဆောင်ပေးဖို့ လူထဲကလူ လူမှုကူညီရေးအသင်းထံ ပြောကြားလာတဲ့အတွက် သွားရောက်သယ်ဆောင်ပေးခဲ့တာလို့ သိရပါတယ်။ သေဆုံးသူက အသက် ၅၀ ကျော် အမျိုးသားတစ်ဦးဖြစ်ပြီး သူ့အိမ်ရဲ့ ရေချိုးခန်းထဲမှာ အခုလိုကြိုးဆွဲချလျက်သား သေဆုံးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“သူတို့က ဒီအိမ်ကို ဝယ်လိုက်ပြီးလို့ ဆေးသုတ်နေတာ။ အဲ့ဒီဦးလေးက အိမ်မှာပဲ ညအိပ်ညနေ အိပ်စောင့်ရင်း လုပ်နေတာပေါ့။ သူတစ်ဦးတည်း။ ဒီမနက်မှ သူ့သမီးက ဖုန်းဆက်လို့မရလို့ လိုက်လာရင်း သူ့အဖေ အဖြစ်ကို အရင်တွေ့တာ” လို့ ရပ်ကွက်နေထိုင်သူတစ်ဦးက MT News ကို ပြောပါတယ်။

ရုပ်အလောင်းကို လူထဲကလူ လူမှုကူညီရေးအသင်းက မြောက်ဥက္ကလာပ၊ မေဓာဝီဆေးရုံ ရင်ခွဲရုံဆီ တာဝန်ရှိသူတွေ ဆက်လက် စစ်ဆေးနိုင်ဖို့ ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာက သေဆုံးရတဲ့ အခြေအနေကို ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
