၁၁.၃.၂၀၂၅
Translated by Htwe Ko Tun
ကမ္ဘာ့ဘောလုံးအကျော်အမော်တစ်ယောက်ဖြစ်တဲ့ ဒီယာဂို အာမန်ဒို မာရာဒိုနာ ကွယ်လွန်ခဲ့အပြီး လေးနှစ်ခွဲနီးပါးကြာချိန်မှာတော့ သူ့ကိုနောက်ဆုံးအချိန်တွေမှာ ဆေးဝါးကုသပေးခဲ့ကြတဲ့ ဆေးဘက်ပညာရှင် ခုနစ်ဦးပါဝင်တဲ့အဖွဲ့ကို ဗျူနိုအေးရီးစ်မြို့ အနီးရှိ တရားသူကြီးသုံးဦးပါတဲ့ San Isidro တရားရုံးမှာ ဒီနေ့ မတ်လ ၁၁ ရက်မှာ ရုံးတင်စစ်ဆေးမယ်လို့ သိရပါတယ်။
မာရာဒိုနာရဲ့ မိသားစုဝင်တွေနဲ့ သူ့ကို တစ်ကြိမ် ဒါမှ မဟုတ် ဒီထက်ပိုလို့ ကုသပေးခဲ့ဖူးတဲ့ဆရာဝန်တွေအပါအဝင် မျက်မြင်သက်သေ ၂၅၀ ကျော်က အမှုမှာ သက်သေထွက်ဆိုကြမှာပါ။ ဒါကြောင့်လည်း အမှုက လအတန်ကြာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
ဘောလုံးအကျော်အမော် မာရာဒိုနာဟာ ကျန်းမာရေးအခြေအနေဆိုးရွားစေတဲ့ ပြဿနာတွေကို နှစ်အတန်ကြာခံစားခဲ့ရတာပါ။ အခု တရားစွဲဆိုခံထားရတဲ့အဖွဲ့ကိုဖြင့် ဆရာဝန်တွေနဲ့သူနာပြုဆရာမတွေပါဝင်တဲ့ ဒီအဖွဲ့ဟာ မာရာဒိုနာရဲ့ နောက်ဆုံးအချိန် ဆေးကုသပေးမှုမှာ လူသေဆုံးစေတဲ့အထိ ပေါ့ဆမှုတွေ ရှိခဲ့တာကြောင့် ဒီလိုသေဆုံးခဲ့ရတယ်လို့ စွပ်စွဲထားပါတယ်။
သူ့ရဲ့ ဘောလုံးကစားပုံနည်းပညာကဖြင့် ဘောလုံးလောကကြီးကို ညှို့ယူဖမ်းစားနိုင်ပါတယ်ဆိုကြတဲ့ မာရာဒိုနာဟာ အသက် ၆၀ နှစ်အရွယ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်က ကွယ်လွန်ခဲ့ရတာပါ။ သူဟာ ဗျူနိုအေးရီးစ်မြို့၊ တိုင်ဂရီးရပ်ကွက်ရှိ ပုဂ္ဂလိကဆေးဝါးကုသမှုဌာနတစ်ခုမှာ ခံစားနေရတဲ့ စိုးရိမ်ရတဲ့ နှလုံးယောင်လာတဲ့ရောဂါကို ကုသခံနေစဉ် ကွယ်လွန်ခဲ့ရတာလို့လည်း ဆိုပါတယ်။ သူ့ရဲ့ဆေးဘက်ဆိုင်ရာအသင်းက သူ့ရဲ့ ဦးဏှောက်အတွင်းမှ သွေးခဲတစ်ခုကို ဖယ်ရှားဖို့ ခွဲစိတ်မှုတစ်ရပ်ပြုအပြီး ရက်ပိုင်းအတွင်း ကွယ်လွန်ခဲ့တာလို့လည်း ဆိုပြန်ပါတယ်။
မာရာဒိုနာရဲ့ ဆေးဘက်ဆိုင်ရာအသင်းမှာတော့ ဦးဏှောက်နှင့်အာရုံကြောခွဲစိတ်ကု ဆရာဝန်ကြီးဒေါက်တာ Laepoldo Luque၊ စိတ်ပညာအထူးကု ဒေါက်တာ Agustina Cosachov နဲ့ တခြားဆရာဝန်တွေ၊ သူနာပြုဆရာမတွေ ပါဝင်ကြပါတယ်။ တကယ်လို့ သူတို့ကိုစွဲချက်တင်ထားတဲ့အတိုင်း မာရာဒိုနာကို ဆေးကုသရာမှာ ပေ့ါဆမှုတွေရှိခဲ့တယ်လို့ တွေ့ရရင် ထောင် ၂၅ နှစ်အထိ ပြစ်ဒဏ်ပေးနိုင်ပါတယ်။
ဒေါက်တာ Laepoldo Luque က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက်မှာ မာရာဒိုနာရဲ့ ဦးဏှောက်အတွင်းမှ သွေးခဲတစ်ခုကို ဖယ်ရှားဖို့ ခွဲစိတ်မှုကို ဦးဆောင်ပြုလုပ်ခဲ့တာပါ။ ဒါကြောင့်လည်း သူ့အနေနဲ့ ခွဲစိတ်မှုအပြီးမှာ မာရာဒိုနာအခြေအနေက ဆေးရုံတစ်ခုမှာ ပြန်လည်နာလန်ထလာတဲ့အထိ ကာလကြာမြင့်စွာ နေဖို့လိုအပ်တဲ့အထိဖြစ်လာရခြင်းအပေါ် တာဝန်ရှိတယ်လို့ ဆိုကြပါတယ်။
အဲဒီလိုကုသမှုပေးနေတုံးမှာ ကုသရေးအဖွဲ့က မာရာဒိုနာရဲ့ သမီးတွေကို သူနဲ့တွေ့ဆုံဖို့ အခြေအနေကို ကြည့်ရှုဖို့ ပိတ်ပင်ထားခဲ့တယ်ဆိုပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဆေးဝါးကုသရာမှာ ပေါ့ဆခဲ့ကြတယ်လို့ မထင်မိခဲ့ကြဘူးဆိုပါတယ်။
မာရာဒိုနာက ဘောလုံးကစားရာမှာထူးချွန်တဲ့အကျော်အမော်တစ်ယောက်ဖြစ်ခဲ့သလို သူ့ရဲ့ဘဝဟာလည်း စိတ်ပိုင်းဆိုင်ရာ မူးယစ်ဆေးတွေ၊ အရက်အလွန်အကျွံသောက်သုံးမှုတွေကြောင့် ရုပ်ပျက်ရသလို အသည်းခြောက်တာ၊ ခန္ဓာကိုယ်အလေးချိန်နဲ့ဆိုင်တဲ့ရောဂါတွေဖြစ်တာ၊ကျောက်ကပ်ချွတ်ယွင်းတာနဲ့ ဟိတ်ဟန်များလွန်းတဲ့နေပုံထိုင်ပုံကို နှစ်သက်တာ စတဲ့ ရောဂါပေါင်းစုံနဲ့စွဲကပ်ခြင်းခံနေရတာပါ။
ဒါပေမယ့်လည်း အာဂျင်တီးနားနိုင်ငံက ဘောလုံးလောကရဲ့ ပရိသတ်တွေကတော့ သူ့ရဲ့သေဆုံးမှုအပေါ် နှမြောတသ ဖြစ်ခဲ့ကြပြီး ကုသမှုပေးတဲ့ ဆေးအဖွဲ့အနေနဲ့ ပေါ့ဆမှုတွေရှိခဲ့လိုသာ ဖြစ်ရတယ်ဆိုတာ ယူဆနေကြတုံးပါ။
Ref- EconomicTimes
