




MT News
၁၀. ၃. ၂၀၂၅
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံး၊ ဖူဆယ် အမျိုးသားနှင့် အမျိုးသမီးအသင်းများ အောင်မြင်မှုရရှိရေး အတွက် ဧရာဝတီဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ကျပ်သိန်းပေါင်း တစ်သောင်း ကူညီပံ့ပိုးခြင်း အခမ်းအနားကို မတ် ၉ ရက် မွန်းလွဲ ၂ နာရီခွဲက Novotel Yangon Max ဟိုတယ်၌ ပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီ အမှုဆောင်များ၊ ဧရာဝတီဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဆီးဂိမ်းစ်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမှာစကားပြောကြားပြီးနောက် ဆီးဂိမ်းပြိုင်ပွဲ အောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီသို့ ဧရာဝတီဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီက ကျပ်သိန်း ၁၀၀၀ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇတို့က ကျပ်သိန်း ၁၀၀၀ စီ လှူဒါန်းရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် မြန်မာ့လက်ရွေးစင် ဘောလုံး၊ ဖူဆယ် အမျိုးသားနှင့် အမျိုးသမီးအသင်းများ အောင်မြင်မှုရရှိရေးအတွက် ကျပ်သိန်းပေါင်းတစ်သောင်း တိတိအား ဧရာဝတီဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီက ကူညီပံ့ပိုးမည့် သဘောတူစာချုပ်ကို AYA Bank နှင့် MFF နှစ်ဖက်တာဝန်ရှိသူများ လက်မှတ်ရေးထိုးကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
၃၃ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဘောလုံး အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း၊ ဖူဆယ် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း စုစုပေါင်း လေးသင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ပြည်ပနည်းပြများ ငှားရမ်းခေါ်ယူခြင်း၊ စခန်းဝင် လေ့ကျင့်ခြင်း၊ ခြေစမ်းပွဲများ စီစဉ်ခြင်း၊ ပူးတွဲလေ့ကျင့်ရေး ခရီးစဉ်များနှင့် အထွေထွေ ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်သည်။
