
၁၀.၃.၂၀၂၅.
Translated by Htwe Ko Tun
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ရဲ့ အတွင်းရေးမှူးချုပ် Kao Kim Hourn က မြန်မာနိုင်ငံအနေနဲ့ အာဆီယံအသင်းကြီးနဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှုတွေ ပြောင်းလဲပြုလုပ်လာတာ သူ့အနေနဲ့ သတိထားမိတယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာအစိုးရဟာ၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံရေးကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်မှုတွေ ပြုလုပ်လာနေတာကြောင့် ၂၀၂၁ ခုနှစ်မှာ မြန်မာ့တပ်မတော်က အာဏာထိန်းသိမ်းခဲ့ပြီးတဲ့နောက် ပိုမိုတက်ကြွတဲ့ ချဉ်းကပ်မှုကို ပြုလုပ်လာတာပဲလို့ ပြောခဲ့ပါတယ်။
ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ၂၀၂၁ ခုနှစ် အာဆီယံထိပ်သီးဆွေးနွေးပွဲကစလို့ အာဆီယံရဲ့ ငြိမ်းချမ်းရေးအတွက် အများသဘောတူဆန္ဒငါးချက်ကို အကောင်အထည်မဖော်လို့ဆိုကာ မြန်မာအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အခြားသော အစိုးရအဆင့်မြင့်အရာရှိတွေကို အာဆီယံ အစည်းအဝေးများသို့ တက်ရောက်ဖို့ကို အာဆီယံအသင်းက ချန်လှပ်ခဲ့ပါ်တယ်။ အဲဒီကစလို့ မြန်မာနိုင်ငံ က နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့အရာရှိတွေကိုသာ အာဆီယံအစည်းအဝေးတွေကို စေလွှတ်ခဲ့ပါတယ်။
Kao Kim Hourn က မတ်လ ၇ ရက်မှာကျင်းပခဲ့တဲ့ သတင်းစာရှင်းပွဲတစ်ရပ်မှာတော့ ၂၀၂၄ ခုနှစ် ဇန်နဝါ ရီလပိုင်းကစလို့ လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်း အဝေးကို မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတန်းအတွင်းဝန်တစ်ယောက်စေလွှတ်ခဲ့တယ်လို့ သတင်းစာဆရာတွေကို ပြောခဲ့ပါတယ်။
ဒါ့ပြင် ကဏ္ဍအလိုက် တချို့ အာဆီယံအစည်းအဝေးတွေမှာ မြန်မာနိုင်ငံက သဘာပတိအနေနဲ့ ဦးဆောင် ဆောင်ရွက်ခဲ့ပြီး တချို့မှာလည်း ဝင်ရောက်ပါဝင်ခဲ့တယ်လို့ Kao Kim Hourn က ပြောခဲ့ပါသေးတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ ၂၀၂၁ ခုနှစ်က သဘောတူခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် အများသဘောတူဆန္ဒငါးချက် အရ အာဆီယံက သိသာထင်ရှားတဲ့ အားထုတ် ဆောင်ရွက်မှုတချို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေအောင်မြင်ဖို့ မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တုံ့ပြန်မှုလည်းလိုတယ်လို့ Kao Kim Hourn က ပြောခဲ့ပါသေးတယ်။
သူက မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ပြဿနာတွေကိုသုံးသပ်ရာမှာ ရေရှည်ဖြေရှင်းရမယ့် လုပ်ငန်းစဉ်ဖြစ် ပြီး အာဆီယံနိုင်ငံတွေအနေနဲ့ စိတ်ရှည်ပြီး အဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှု လုပ်ကြရမယ်လို့ ဆက်လက်ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းရေးကိစ္စတွေ ကိုင်တွယ်ဖြေရှင်းနေရလို့ ၂၀၂၆ ခုနှစ်မှာ သူ့ရဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူရမှာကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၂၆ ခုနှစ်မှာ ဖိလစ်ပိုင်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်မှာတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှားက ဆောင်ရွက်မှာပါ။ လာမယ့် မေလ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေက အာဆီယံ အသိုင်းအဝိုင်း ၂၀၄၅ ကို သဘောတူချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုယဉ်ကျေးမှုနဲ့ ဆက်ဆံချိတ်ဆက်မှုနယ်ပယ်လေးရပ်မှာ မဟာဗျူဟာမြောက်စီမံချက်လေးရပ်ကို ချမှတ်ကြမှာပါ။
အာဆီယံ အသိုင်းအဝိုင်း ၂၀၄၅ က အာဆီယံရဲ့ အရှည်လျားဆုံး မဟာဗျူဟာမြောက်စီမံချက်ဖြစ်ပြီး လာမယ့် ဆယ်စုနှစ်နှစ်ခုအတွက် ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်ရည်မှန်းချက်တွေနဲ့ အခွင့်အလမ်းတွေ ဖြစ်တယ်လို့လည်း Kao Kim Hourn က ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံသား Kao Kim Hourn က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ အာဆီယံအတွင်းရေးမှူးချုပ်ငါးနှစ်သက်တမ်းကို စတင်တာဝန်ယူခဲ့တာပါ။
Ref- Cambodianess
