




၈.၃.၂၀၂၅
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ နတ်တလင်း၊ ဇီးအုပ်တံတားအနီး၊ ပြည် – အောင်လံလမ်းမပေါ်တွင် ယနေ့ မတ်လ ၈ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က အိမ်စီးကားတစ်စီး လေးကျိုးကာ သွားလာနေသော ဆိုင်ကယ်ကို ဝင်တိုက်၍ ပက်လက်လန်တိမ်းမှောက်ခဲ့ရာ အမျိုးသားကြီးတစ်ဦး ဒဏ်ရရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတ ပါရမီထံမှ သိရသည်။
ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသူ အသက် ၅၀ ခန့် အမျိုးသားကြီးတွင် ဦးခေါင်း၊ နှုတ်ခမ်းနှင့် ပါးတို့တွင် ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ညာဘက်ခြေထောက်ကျိုးခဲ့ကြောင်း သိရသည်။
“ကားတိုက်ခံရတဲ့ ဆိုင်ကယ်မောင်းတဲ့သူက ယာဥ်တိုက်မှုဖြစ်တဲ့ အနီးနားက ရွာကပါပဲ။ ခြေထောက်ကျိုးပြီး ခေါင်းထိခိုက်သွားတာ။ အသက်အန္တရာယ်တော့
စိုးရိမ်စရာမရှိပါဘူး။ အိမ်စီးကားမောင်းတဲ့သူကတော့ ဒဏ်ရာမရပါဘူး”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတ ပါရမီမှ အသင်းဝင်တစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသူ အမျိုးသားကြီးကို နှလုံးသားမေတ္တာရှင် အသင်းမှ အသင်းဝင်များနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီမှ အသင်းဝင် ၈ ဦးက ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
