
၈. ၃. ၂၀၂၅
Written by Nay Moe
ရပ်ကျေးတာဝန်ရှိသူများအပါအဝင် အမျိုးသားလေးဦးကို PDF က သတ်ဖြတ်လုယက်မှု တစ်နေ့တာအတွင်း ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
PDF တို့ကျူးလွန်သည့် သတ်ဖြတ်မှုဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နံနက် ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဆည်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးစိုးလွင်(၅၉)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးစိုးလွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ နေ့လယ် ၁၂ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကျောက်တန်းကျေးရွာနှင့် ကင်းပိုင်ခြုံကျေးရွာကြား ကျောက်တန်း-ကင်းပိုင်ခြုံသွားလမ်းဘေးရှိ ကုန်စုံဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးမြို့နယ်၊ မရမ်းချောင်းကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးကျော်ထူး (၆၅)နှစ်သည် အဆိုပါကုန်စုံဆိုင်၌ ဈေးဝယ်နေစဉ် PDF တစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်ထူးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ မွန်းလွဲ ၃ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ မကျီးပင်ပုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းထွန်းနိုင်(၄၈)နှစ်သည် စလင်းမြို့နယ်၊ အင်းပုတ်ကျေးရွာနေ ကိုဖြိုးဝေအောင် (ခ)ဗိုလ်အောင်ဒင်(၂၉)နှစ်နှင့်အတူ ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦး(စိစစ်ဆဲ)က မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်၍ ၎င်းနေအိမ်ရှိ ဆိုင်ကယ်တစ်စီးနှင့် ငွေ ၁၀ သိန်းကျပ်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးထွန်းထွန်းနိုင်တွင် ဒဏ်ရာရရှိခြင်းမရှိဘဲ ကိုဖြိုးဝေအောင်(ခ)ဗိုလ်အောင်ဒင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
