

၈. ၃. ၂၀၂၅
Written by Nay Moe
ညအချိန် နေအိမ်တွင် ထိုင်နေသည့် လက်နက်မဲ့အမျိုးသားတစ်ဦးကို NUG ဩဇာခံ သာယာဝတီ PDF က သေနတ်ကျည်သုံးချက်ဖြင့် ပစ်သတ်၍ သတင်းပေးဟု တံဆိပ်ကပ်ကာ ရှင်းလင်းထားသည်ဟု ယနေ့ ဝန်ခံလာသည်။
ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်အုပ်စု၊ ဗိုလ်တထောင်ရွာနေ ဦးထွန်းနိုင်အား ယမန်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် နေအိမ်၌ ထိုင်နေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ PDF များက သေနတ်ကျည် ၃ ချက် ပစ်ခတ်၍ သတ်ဖြတ်လိုက်ကြခြင်းဖြစ်သည်။
ဦးထွန်းနိုင်သည် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး တပ်ထောက်တိုင် အမာခံ တစ်ဦးဖြစ်ကာ မမှန်သတင်းပေး၍ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ PDF များ၏ လှုပ်ရှားမှုများအား စုံစမ်းထောက်လှမ်း၍ သတင်းပေးခြင်းများ လုပ်ဆောင်နေသဖြင့် သတ်ဖြတ်လိုက်ကြောင်း ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ဆင်ခြေပေးသော်လည်း ထိုစွပ်စွဲချက် မှန်မမှန် MT News က အတည်မပြုနိုင်သလို သတ်ဖြတ်သည့် PDF တို့ကလည်း သက်သေမပြနိုင်သဖြင့် MT News က ကျူးလွန်သည့် PDF တို့၏ ဝန်ခံချက်ကိုသာ ဖော်ပြခြင်းဖြစ်သည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
