
၁၆. ၂. ၂၀၂၅
Written by Phyo Wei
လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း ဆန်နဲ့ဆန်ကွဲတန်ချိန် ၂ ဒသမ ၂ သန်းကျော် တင်ပို့နိုင်ခဲ့လို့ အခုနှစ်တင်ပို့ဖို့ လျာထားချက်ရဲ့ ၉၀ ရာခိုင်နှုန်းအထိ တင်ပို့ထားနိုင်ခဲ့တဲ့ ဒီရက်သတ္တပတ်မှာပဲ ပြည်တွင်းမှာ ဘိလပ်မြေ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ ဘိလပ်မြေစက်ရုံတွေအတွက် လိုအပ်တဲ့ကုန်ကြမ်း ကျောက်မီးသွေးကို ပြည်ပက တင်သွင်းခွင့်ပြုတဲ့ဖြစ်စဉ်တွေ တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း နေပြည်တော်မှာကျင်းပနေတဲ့ MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲမှာ ဆုအမျိုးအစား ၇ မျိုး၊ ဆုပေါင်း ၆၃ ဆုအပြင် ဂုဏ်ပြုငွေသားဆု စုစုပေါင်းကျပ်သိန်း ၇၅၀ ပေးအပ်ချီးမြှင့်ခဲ့တာ၊ အခုနှစ်စ ဇန်နဝါရီလအတွင်း ပြည်သူတွေသတင်းပေးမှုကတစ်ဆင့် တရားမဝင်ကုန်သွယ်မှု ၈၁ မှု ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းမိကုန်စည် ကျပ် ၉၂၄ သန်းကျော်ကနေ သတင်းပေးပြည်သူကို ကျပ် ၁၈၅ သန်းခန့် ဆုချမယ်ဆိုတာတွေ၊ လုပ်ငန်းတိုးချဲ့တာ၊ စက်ပစ္စည်းနဲ့ ကုန်ကြမ်းတွေ ဝယ်ယူလိုတဲ့ MSME လုပ်ငန်းရှင်တွေ MSME အေဂျင်စီတွေနဲ့ ဆက်သွယ်ပြီး ချေးငွေလျှောက်ထားနိုင်ကြောင်း အသိပေးလာတာ၊ ဖေဖော်ဝါရီလအတွက် ရည်ညွှန်းဆန်ဈေးနှုန်း ထုတ်ပြန်ရာမှာ ရွှေဘိုပေါ်ဆန်းဆန်ကအပ အခြားဆန်အမျိုးအစားတွေ ဈေးနှုန်းအနည်းငယ်ထပ်မံကျဆင်းလာတာ၊ မဂ္ဂါဝပ် ၁,၀၀၀ ကျော် ထုတ်လုပ်နိုင်မယ့် သဘာဝဓာတ်ငွေ့၊ ဆိုလာလျှပ်စစ်အင်ဂျင်ပေါင်းစပ်ထားတဲ့ Hybrid လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းတွေ ဆောင်ရွက်နေတယ်လို့ SAC ဒုဥက္ကဋ္ဌ ပြောကြားလာတဲ့ဖြစ်စဉ်တွေ ရှိပေမယ့် ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ အခု ဖေဖော်ဝါရီ ၁၇ ရက်အထိ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိသူတွေကို အရေးယူမယ်လို့ ထပ်မံသတိပေးလာတာ၊ ထိုင်းကုန်စည်တွေ မတင်သွင်းဖို့ တောင်းဆိုတဲ့လုပ်ရပ်အပေါ် ထိုင်းအစိုးရက ဝေဖန်တာနဲ့ မြန်မာနိုင်ငံဘက်ဆီ အမေရိကန်ရဲ့ ငွေကြေးဖြတ်တောက်မှုတွေအကြောင်းကို သုံးသပ်တင်ပြချင်ပါတယ်။
◾ ကွာဟချက်ကြီးဆဲ ရွှေ
ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ဖို့အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာအမှတ် (၀၅၅/၂၀၂၄) နဲ့အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရယူဖို့နဲ့ သတ်မှတ်ကာလ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်ကနေ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်အထိ သုံးလအတွင်း လျှောက်ထားဖို့ အသိပေးကြေညာခဲ့ပြီး သုံးလအတွင်း နောက်ဆုံး လျှောက်ထားရမယ်ရက်ဟာ အခုဖေဖော်ဝါရီ ၁၇ ရက်မှာ ပြည့်မြောက်တော့မှာဖြစ်လို့ သတ်မှတ်ကာလအတွင်း လုပ်ငန်းလိုင်စင်တွေကို လျှောက်ထားဖို့နဲ့ လျှောက်ထားခြင်း မရှိတဲ့သူတွေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နဲ့အညီ အရေးယူခြင်းခံရမယ်လို့ ထပ်မံသတိပေး ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး (Market Rate) ကို နိုင်ငံတော်အဆင့် ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှာ စတင်သတ်မှတ်ပေးခဲ့တာဖြစ်ပြီး ရွှေသိပ်ဆည်းဆ ၁၉ ဒသမ ၂၅ နဲ့အထက်ရှိတဲ့ စံချိန်မီရွှေတစ်ကျပ်သား (၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်) ကို ကျပ် ၅,၃၃၀,၀၀၀ ကျပ်သတ်မှတ်ပေးခဲ့ရာမှာ ပြင်ပစျေး ကျပ် ၆၁၁၀၀၀၀ ဖြစ်ခဲ့လို့ ရည်ညွှန်းစျေးထက် ကျပ် ၇၈၀၀၀၀ ပိုများခဲ့ပါတယ်။ ပြင်ပစျေးနဲ့ ရည်ညွှန်းစျေး ကျပ် ၈ သိန်းလောက် အဟကြားမှာ ဆက်သွားနေရင်း ဇန်နဝါရီလကုန်ပိုင်းမှာ အခေါက်ရွှေတစ်ကျပ်သား ၆၇ သိန်းအထိ မြင့်တက်သွားခဲ့သလို ဖေဖော်ဝါရီ ၁၄ ရက်မှာဆိုလည်း တစ်ကျပ်သား ၆၇၂၀၀၀၀၀ အထိဖြစ်ခဲ့ချိန် ရည်ညွှန်းစျေးက ၅၄၉၀၀၀၀ ဖြစ်လို့ ပြင်ပစျေးက ကျပ် ၁၂ သိန်းကျော် များနေခဲ့တာပါ။ ရွှေစျေးကွက်ထိန်းကျောင်းဖို့ ဖွဲ့ပေးထားတဲ့ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီကို အဆမတန်ဆွဲအတင်ခံထားရတဲ့ ရွှေစျေးကို ထိန်းကျောင်းဖို့ ဖွဲ့ပေးထားတာဖြစ်ပေမဲ့ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ သတ်မှတ်ပေးတဲ့စျေးထက် ပြင်ပစျေးက အဆမတန်ဆွဲအတင်ခံထားရတာကို ထိရောက်တဲ့ အရေးယူဖြေရှင်းမှု လုပ်ဆောင်နိုင်ခဲ့တာ မတွေ့ရတဲ့အပြင် ကွာဟချက်က ပိုကြီးသထက် ကြီးလာပြီး စျေးအဆမတန် ဆွဲတင်နေမှုကိုလည်း ဆက်မြင်နေရတာမို့လို့ ဒီလိုအခြေအနေကို ဖေဖော်ဝါရီ ၁၇ ရက်နောက်ပိုင်းမှာလည်း ထိန်းကျောင်းနိုင်ပါ့မလားဆိုတာကတော့ သံသယဝင်စရာပါ။
◾ ထိုင်းကုန်စည်တွေ ပိတ်ဆို့ခိုင်းတဲ့ မြ၀တီပြည်သူ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီကစ ထိုင်းအစိုးရဟာ မြန်မာနယ်စပ်က ဘုရားသုံးဆူ၊ တာချီလိတ်နဲ့ မြဝတီက နေရာငါးခုကို တရုတ်ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းဖို့ရည်ရွယ်ပြီး လျှပ်စစ်၊ လောင်စာနဲ့ အင်တာနက်ဖြတ်တောက်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၈ ရက်မှာ မြဝတီ ဒေသခံတချို့က ဆန္ဒဖော်ထုတ်ပြီး ထိုင်း – မြန်မာချစ်ကြည်ရေးတံတားနှစ်စင်း ပိတ်ပစ်ဖို့နဲ့ ထိုင်းကုန်စည်တွေ အသွင်းမခံဖို့ တောင်းဆိုခဲ့တာပါ။ ဒီအပေါ်မှာ ထိုင်းကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဖန်သမ် က ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေက သူတို့ရဲ့ စိတ်ပျက်မှုတွေကို ထုတ်ဖော်ပြောဆိုနိုင်ပေမယ့် မြန်မာနယ်စပ်ဒေသတွေကို ထိုင်းအစိုးရက စွမ်းအင်ရင်းမြစ်တွေ အဆက်ဖြတ်ဖို့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ပြောလာသလို “သူတို့က ထိုင်းက လူသုံးကုန်ပစ္စည်းတွေကို မှီခိုနေတာကြောင့် သေသေ ချာချာ စဉ်းစားသင့်တယ်။ အဲဒီအစားအစာမရှိရင် သူတို့ကိုယ်သူတို့ ဂရုစိုက်ရလိမ့်မယ်” လို့လည်း ထိုင်းသွင်းကုန်တွေ မှီခိုနေရတဲ့ မြဝတီက ဆန္ဒပြလူတစ်စုရဲ့ တောင်းဆိုချက်အပေါ် ဖမ်သန်က ဝေဖန်ခဲ့ပါတယ်။
တကယ့်တကယ်မှာလည်း ထိုင်းနယ်စပ် မြ၀တီဟာ အရင်တုန်းကတော့ ထိုင်းနိုင်ငံနဲ့ ကုန်စည်ကူးသန်းရာမြို့ကြီးတစ်မြို့ဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာ အာရှလမ်းမကြီးကို KNU နဲ့ PDF တွေ ပိတ်ဆို့ထားပြီး တောလမ်းကိုလည်း ဆက်ကြေးကောက်နေချိန်မှာ မြို့တွင်းသုံးဖို့ဟာ လုံးလုံးလျားလျားဆိုသလို ထိုင်းဘက်ကို မှီခိုနေရတာပါ။ ဒီလိုအခြေအနေမျိုးမှာ ထိုင်းဘက်က လျှပ်စစ်နဲ့ စက်သုံးဆီ ဖြတ်တောက်ထားတာကြောင့် ဓာတ်ဆီတစ်လီတာ ၁၅၀၀၀ လောက်အထိ ရုတ်ချည်းမြင့်တက်သွားသလို အခြားသော စားသောက်ကုန်တွေကလည်း စျေးတက်မှုတွေ ကြုံနေရတဲ့အခြေအနေပါ။ ဒီလိုအခြေအနေကြားမှာ ထိုင်းသွင်းကုန်တွေ ပိတ်ဖို့ တောင်းဆိုတာက မဖြစ်သင့်ဘဲ တကယ်လုပ်သင့်တာက ကျားဖြန့်ဂိုဏ်းလာလုပ်နေတဲ့ တရုတ်ဂိုဏ်းတွေကို အမြစ်ဖြုတ် နှင်ထုတ်ပြီး မြ၀တီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်ကို မီးပြန်ရအောင် လုပ်ပေးဖို့ တောင်းဆိုရမှာကို ကိုယ့်ပြန်ထိမယ့် ကုန်စည်ပိတ်ဆို့ဖို့ တောင်းဆိုတာက အမြင်မတော် ဆင်တော်နဲ့ ခလောက်ဖြစ်နေတဲ့အပြင် ခုတ်ရာတခြား ရှရာတလွဲလည်း ဖြစ်နေပြန်ပါသေးတယ်။
◾ အမေရိကန်ဖြတ်တောက်တဲ့ မြန်မာဆီက ရန်ပုံငွေ
ဒေါ်နယ်ထရန့်တက်လာအပြီးမှာ အားလုံးကဖြတ်တောက်မယ်လို့ ယူဆထားတဲ့ အတိုင်းပဲ အမေရိကန်က မြန်မာဘက်က စစ်မီးနဲ့ ဘင်္ဂါလီအရေးတွေမှာ လူသားချင်းစာနာမှုနဲ့ ထောက်ပံ့ထားတာတွေဖြတ်တောက်သွားပြီး ပထမဆုံး ပမာဏ သိရတာက USAID က မြန်မာကျောင်းသားတွေအတွက် ပေးအပ်နေတဲ့ Diversity စကောလားရှစ် ဒေါ်လာ ၄၅ သန်းကို ပိတ်ဆို့လိုက်တာပါ။
ဒုတိယသိရတာမှာ ဒေါ်လာဘီလျံများစွာ ထင်သလိုသုံးမှုနဲ့ စုံစမ်းစစ်ဆေးရပ်ဆိုင်းခံနေရတဲ့ အမေရိကန် နိုင်ငံတကာ ဖွံဖြိုးမှုအေဂျင်စီ (USAID) ကတစ်ဆင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ မီဒီယာဖွံဖြိုးရေးခေါင်းစဥ်တပ်ပြီးပေးအပ်မယ့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၉ သန်းကျော်ကို အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရန့်က ရပ်ဆိုင်းလိုက်ကြောင်း Human Rights Myanmar (HRM) အဖွဲ့က ထုတ်ပြန်လာလို့ သိရတာပါ။
USAID ကို ပိတ်ပစ်ဖို့ အမေရိကန်အစိုးရ ဆုံးဖြတ်ချက်ကြောင့် လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ ကတိပြုထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၃၉,၅၄၇,၁၄၆ ကို ဆိုင်းငံ့လိုက်တာဖြစ်ပြီး ဒီရန်ပုံငွေတွေကို ဘယ်အချိန်မှ ပြန်လည်ပေးအပ်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။
မြန်မာပြည်ကို မွှေနှောက်နေတဲ့ အမေရိကန်ရဲ့USAID ပေးဖိုကြံထားတဲ့ ကတိကဝတ် ရန်ပုံငွေတွေထဲမှာ ဖြတ်တောက်တာက လူ့အခွင့်အရေး ကာကွယ်ရေးခေါင်းစဥ်အောက်က စီမံကိန်း ခုနစ်ခုအတွက် ဒေါ်လာ ၈ သန်း၊ ဒီမိုကရေစီခေါင်းစဥ်အောက်က လုပ်ငန်း ၉ ခုအတွက် ဒေါ်လာ သန်း ၃၀ နဲ့ ပြည်ပထွက်ပြေးတဲ့ တရားမဝင် Exile မီဒီယာတွေကို ပံ့ပိုးပေးမယ့် အစီအစဉ် ၂ ခုအတွက် ဒေါ်လာ ၁ သန်းကို ဖြတ်တောက် ဆိုင်းငံ့လိုက်တာပါ။ ဒါ့အပြင် USAID ပိတ်သိမ်းမှုနဲ့အတူ မြန်မာနိုင်ငံထဲက စီမံကိန်း ၃၄ ခုပါ ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းသွားတာဖြစ်တဲ့အပြင် လက်ရှိ ကတိကဝတ်တွေဖြစ်တဲ့ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၂၂ သန်း၊ စိုက်ပျိုးရေးအကူအညီ ဒေါ်လာ ၃၆ သန်း၊ ကျန်းမာရေးအကူအညီ ဒေါ်လာ ၂၂ သန်းနဲ့ ပညာရေးအကူအညီ ဒေါ်လာ သန်း ၃၀ ကိုလည်း ဆိုင်းငံ့လိုက်သလို ၂၀၂၅ ခုနှစ်ထဲမှာ စတင်ထောက်ပံ့မယ့် စီမံကိန်း အသစ်တွေလည်း မပါဝင်တော့ဘူးဆိုပါတယ်။ ဒါ့အပြင် လက်ရှိ ထောက်ပံ့မှုထဲက TB နဲ့ HIV ရောဂါသည်တွေအတွက် ဆေးဝါးထောက်ပံ့ဖို့ ခွဲဝေပေးမယ့် ဒေါ်လာ ၁၀ သန်းကလည်း မရေရာတဲ့ အနာဂတ်နဲ့ ရင်ဆိုင်နေရပြီလိုလည်း HRM က ပြောပါတယ်။ အမေရိကန်ဟာ USAID ကတစ်ဆင့် နှစ်စဥ် ဒေါ်လာ သန်း ၂၀၀ နဲ့ ၃၀၀ ကြား ထောက်ပံ့တာဖြစ်ပြီး ဒီ ငွေကြေးတွေဟာ ဘင်္ဂါလီတွေ၊ မြန်မာနိုင်ငံမတည်ငြိမ်အောင် မွှေနှောက်နေတဲ့ လက်ဝေခံအဖွဲအစည်းတွေ၊ NUG ၊ PDF နဲ့ EAOs တွေအတွက် နည်းပညာအကူအညီတွေပေးနေတာဖြစ်လို့ ဒီအကူအညီတွေကြောင့်ပဲ နိုင်ငံအတွင်းမှာ စစ်ပွဲတွေ အဓွန့်ရှည်နေတာပါ။ လက်ရှိမှာတော့ အမေရိကန်သမ္မတထရန့်ရဲ့ ဒီရပ်ဆိုင်းမှုဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့လမ်းစလို့လည်း သုံးသပ်ကြသူတွေရှိနေပြီး အထူးသဖြင့် ဒီလိုဖြတ်တောက်မှုတွေအပြင်လည်း မြန်မာ့ပြည်တွင်းပဋိပက္ခ ပိုကြီးအောင် မီဒီယာနဲ့ တစ်ဖတ်သက် မီးထိုးပေးနေတဲ့ သတင်းဌာနကြီးနှစ်ခုဖြစ်တဲ့ VOA လို RFA လို သတင်းဌာနတွေကိုလည်း VOA သတင်းဌာနအတွက် ဒေါ်လာ သန်း ၃၀၀၊ အမေရိကန်ထောက်ပံ့ခံမီဒီယာထဲပါဝင်နေတဲ့ RFA ကိုလည်း ဒီနှစ်မှာ ဒေါ်လာ ၇၁ သန်းအပါအဝင် မီဒီယာ ခုနစ်ခုကို ထောက်ပံ့ဖို့ သန်း ၉၅၀ ဖြတ်တောက်ဖို့ကိုလည်း အီလွန်မတ်ခ်က တောင်းဆိုထားတာ တွေ့ရပြန်ပါသေးတယ်။ ထရန့်ရဲ့ ဒီလိုဖြတ်တောက်မှုဟာ တစ်ဖက်မှာ လူနာတွေနဲ့ ကလေးတွေအတွက် စိတ်မကောင်းစရာဖြစ်ပေမဲ့ တစ်ဖက်မှာတော့ မြန်မာပြည်ကို မီးထိုးပြီး စီးပွားရှာနေတဲ့သူတွေ ဇာတ်သိမ်းမှာဖြစ်လို့ မြန်မာပြည်ငြိမ်းချမ်းဖို့အတွက် သက်ရောက်မှုကြီးမားနိုင်မယ့် ဖြတ်တောက်မှုတွေဖြစ်လာနိုင်ကြောင်း ယူဆမိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။