
၁၇ .၂ .၂၀၂၅
Written by Hey Mar
အိမ်ခြေမဲ့ စိတ်ကျန်းမာရေးမကောင်းသူ ကိုယ်ဝန် ဆောင်အမျိုးသမီး မီးဖွားရာမှ သွေးသွန် (မီးနေသည်သွေးဆင်းမှုများပြား) နေတဲ့အတွက် မစီဒီးခါန်းလူငယ်လူမှုကူညီရေးအသင်းကို ရပ်ကွက်နေပြည်သူ့တချို့ အကြောင်းကြားလာလို့ ဗဟို အမျိုးသမီးဆေးရုံကြီးဆီ လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်အစောပိုင်း (၃)နာရီခန့်က၊ ရန်ကုန်မြို့ (၃၃)လမ်း အပေါ်ဘလောက်မှာ အမျိုးသမီးတစ်ဦး အော်ဟစ်ညည်းငြူသံကြောင့် အနီးအနား ရပ်ကွက်နေပြည်သူတချို့ နိုးလာပြီး ထွက်ကြည့်ရာက အိမ်ခြေမဲ့ နေထိုင်သူ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကြီးမှာ သွေးများပေကျံနေပြီး ကလေးမီးဖွားနေတာကို တွေ့ရှိရတဲ့အတွက် လူမှုကူညီရေး အသင်းထံ အကြောင်းကြား အကူအညီ တောင်းခဲ့တာလို့ သိရပါတယ်။

သွားရောက်ကူညီပေးခဲ့သူ မစီဒီးခါန်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်တော်တို့ရောက်တော့ ကလေးက ချက်ကြိုးတန်းလန်းကြီး၊ အမေကလည်း သွေးတွေ ပေကျံပြီးအိုင်နေတာ။ သန့်ရှင်းရေးလည်း မလုပ်ပေးအားတော့၊ ဆေးရုံ မြန်မြန်ရောက်ရေးပဲ။ သားအမိ နှစ်ဦးစလုံး ကားပေါ်တင်ပြီး ဂျန်မခန်နာ ကိုပို့ပေးခဲ့ပါတယ်။ ကလေးက ယောကျာ်းလေးပါ။ အင်္ဂါလည်းစုံပြီး ကျန်းမာရေးကောင်းပုံရပါတယ် ။ မိခင်ကတော့ သွေးတအားဆင်းနေတယ်” လို့ MT News ကို ပြောပါတယ်။
အဆိုပါ အိမ်ခြေမဲ့ အမျိုးသမီးကြီးမှာ (၃၃)လမ်း အပေါ်ဘလောက်မှာ နေထိုင်တာ ကြာပြီဖြစ်ကြောင်းနဲ့ ကိုယ်ဝန်မှာလည်း ဖခင်မပေါ်သလို၊ ရပ်ကွက်ကလည်း ကိုယ်ဝန်ရှိနေမှန်း သတိမထားမိကြဘူးလို့လည်း သိရပါတယ်။ ဆေးရုံပြန်ဆင်းပါက မိခင်နဲ့ ကလေးကို ဘယ်လိုဆက်လက် ကူညီလုပ်ဆောင်နိုင်မလဲ ဆိုတာကိုလည်း မစီဒီးခါန်းလူငယ်ပရဟိတအဖွဲ့က ရပ်ကွက်တာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးတာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
