
၁၇.၂.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သတင်းဝက်ဘ်ဆိုတ်တစ်ခုဖြစ်တဲ့ Axios က အမေရိကန်နဲ့ ရုရှားနိုင်ငံတို့မှ အဆင့်မြင့် ကိုယ်စားလှယ်တွေဟာ နှစ်နိုင်ငံသမ္မတတွေဖြစ်တဲ့ ဒေါ်နယ်ထရန့်နဲ့ ဗလာဒီမာပူတင် တို့ရဲ့ ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ဦးစွာတွေ့ဆုံဆွေးနွေးကြမယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ ရုရှားနိုင်ငံတို့မှ အဆင့်မြင့်ကိုယ်စားလှယ်တွေဟာ ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ဆွေးနွေးမှုတစ်ရပ်ကို ဆော်ဒီအာရေဗျနိုင်ငံမှာ ဖေဖော်ဝါရီလ ၁၈ ရက်မှာကျင်းပကြမယ်လို့ Axios က ဖော်ပြခဲ့ပါတယ်။
Axios က ဆွေးနွေးပွဲမှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့် နဲ့ ရုရှားသမ္မတ ပူတင်တို့ရဲ့တွေ့ဆုံမှုအတွက် ကြိုတင် ပြင်ဆင်ကြမယ်လို့လည်း ပြောခဲ့ပါတယ်။
အစောပိုင်းကတော့ ထရန့်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် Steve Witkoff က ရုရှား ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမယ့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာပါဖို့ ဖေဖော်ဝါရီလ ၁၆ ရက် ညနေမှာ ဆော်ဒီအာရေဗျကို သွားမယ်လို့ ပြောခဲ့ပါသေးတယ်။ သူက နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံမှုက ယူကရိန်းပဋိပက္ခကိုဖြေရှင်းရာမှာ အရေးပါတဲ့ တိုးတက်မှုတွေရမယ်လို့ မျှော်လင့်တယ်လို့လည်းပြောခဲ့ပါတယ်။ Bloonberg သတင်းဌာနကတော့ ဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စု၊ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ Mike Waltz လည်းပါဝင်မယ်လို့ ဖော်ပြခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်မှာတော့ အမေရိကန်သမ္မတဒေါ်နယ်ထရန့် နဲ့ ရုရှားသမ္မတ ပူတင် တို့ဟာ ထရန့် သမ္မတသက်တမ်း ဒုတိယမြောက်တာဝန်ယူပြီးတဲ့နောက်ပထမဆုံးအကြိမ်အဖြစ် ဖုန်းနဲ့ဆက်သွယ် စကားပြောခဲ့ကြပါတယ်။ မိနစ် ၉၀ ခန့်ကြာတဲ့ သူတို့နှစ်ဦးရဲ့ ဖုန်းဆက်သွယ်မှုမှာ ယူကရိန်းစစ်ပွဲတိုက်ခိုက်မှုတွေ ရပ်ဆိုင်းရေး၊ နှစ်ဖက်အကျိုးတူဆက်ဆံမှုတွေ ပြုလုပ်ရေးနဲ့ အခြားအကြောင်းအရာတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဖက်စလုံးကလည်း ဆက်သွယ်မှုတွေ ဆက်လက်ပြုလုပ်ရေးနဲ့ သမ္မတနှစ်ဦးမျက်နှာချင်း ဆိုင်တွေ့ဆုံဆွေးနွေးရေးကိုပါ သဘောတူခဲ့ကြပါတယ်။
Ref- Tass
