◾ လျှပ်စစ်ပြတ်တောက်မှုတစ်ကြိမ်လျှင် ၈ နာရီကြာနေခဲ့ရာမှ ၄ နာရီသာ ကြာတော့

၄.၂.၂၀၂၅
Written By Zun
ရွှေလီ – မန်စံ ဓာတ်အားလိုင်း နှစ်လိုင်းထဲမှ တစ်လိုင်းပြုပြင်ပြီးစီး၍ လျှပ်စစ်ကို မူလထက်တိုးမြှင့်စမ်းသပ်ပေးနေပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ တာဝန်ရှိသူက MT News ကို ယနေ့ ဖေဖော်ဝါရီလ ၄ ရက်တွင် ပြောကြားသည်။
“ရွှေလီ-မန်စံလိုင်း 230 – KV နှစ်လိုင်းမှာ တစ်လိုင်းရသွားတော့ အရင်ကထက် ပိုရလာတယ်။ အခုက တစ်ကြိမ် မီးပျက်ရင် ၈ နာရီကြာ မပျက်တော့ဘူးလေ။ အပိုလေးတွေကို ပေးထားတာ။ စနစ်ကိုတော့ မပြောင်းရတော့ဘူး။ နည်းနည်းငြိမ်အောင် စောင့်နေရတယ်။ တစ်လိုင်းကတော့ မကောင်းသေးဘူး။ အဲဒီလိုင်းဘက်က Security point of view ရှိတယ်လေ။ အဲဒီတော့ လုပ်ရကိုင်ရကိစ္စတွေ ရှိနေသေးတယ်။ အရင်ရက်တွေက ၄ နာရီလာပြီး ၈ နာရီ ပိတ်ရာကနေ အခုတော့ ၄ နာရီ လာ ၄ နာရီပိတ် ဖြစ်လာမှာပေါ့။ တစ်လိုင်းက ၃၅၀ မဂ္ဂါဝပ်ကနေ ၄၀၀ လောက် ရှိတယ်”ဟု ယင်းက ပြောသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အကုန်ပိုင်းတွင် တစ်ရက်လျှင် ဓာတ်အား မဂ္ဂါဝပ် (၂၀၀၀) ထိ အမြင့်ဆုံး ထုတ်လုပ်နိုင်ခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလက စ၍ ထုတ်လုပ်နိုင်မှု လျော့နည်းလာခဲ့ခြင်းကြောင့် တစ်ရက်လျှင် လျှပ်စစ် လိုအပ်ချက်၏ သုံးပုံတစ်ပုံသာ ထုတ်လုပ်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းထိ လျှပ်စစ်မီးပေးဝေမှုပုံစံမှာ တစ်ရက်လျှင် ၄ နာရီလာ ၄ နာရီပျက် ပုံစံ ဖြစ်သော်လည်း ယခုနှစ် ဇန်နဝါရီလမှ စ၍ ၄ နာရီ မီးပေးကာ ၈ နာရီပျက်သည့် ပုံစံဖြစ်သွားခဲ့ ရကြောင်း သိရသည်။
လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်လိုအပ်ချက်ကာလတို ဖြေရှင်းရေး LNG ဓာတ်အားပေးစက်ရုံစီမံကိန်းများ တည်ဆောက်ရန်လည်း ကော်မရှင် ဖွဲ့စည်းထားကြောင်း MT News က သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။