
၄. ၂. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့ ဘုရားဖူးခရီးစဉ်ရောက်ရှိပြီး နေပြည်တော်ရှိ KMA Hotel ၌ ခေတ္တသီတင်းသုံးတော်မူလျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးတစ်ပါးဖြစ်သော His Holiness Samdech Preah Abhisiri Sugandha Mohasangharajah Dhipadi Dr. Bour Kry ဦးဆောင်သည့် ဆရာတော်၊ သံဃာတော်များအား ယနေ့ ညနေပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။
SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးနှင့် အဖွဲ့ဝင်များအား ဖူးမြော်ကြည်ညိုကြပြီးနောက် SAC ဥက္ကဋ္ဌက သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ၊ ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ခဲ့သည့် အခြေအနေများ၊ ယခုကဲ့သို့ ခရီးစဉ်ကြွရောက်လာသည့်အတွက် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး သာသနာတော်ဆိုင်ရာကိစ္စရပ်များကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကား ပြန့်ပွားရေးဆိုင်ရာများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လျှောက်ထားတင်ပြခဲ့သည်။





ထိုသို့လျှောက်ထားတင်ပြရာ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးက မိမိအနေဖြင့် မြန်မာနိုင်ငံသို့ ဘုရားဖူးလာရောက်စဉ် SAC ဥက္ကဋ္ဌက ယခုကဲ့သို့လာရောက်ဖူးမြော်မှုအတွက် ဝမ်းမြောက်ပါကြောင်း၊ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှုတွင်တူညီပြီး ယဉ်ကျေးမှုဆိုင်ရာများတွင်လည်း ခွဲခြား၍မရသည့်နိုင်ငံများ ဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံရှိ ဗုဒ္ဓတက္ကသိုလ်များတွင် နိုင်ငံတကာမှ စာသင်သားရဟန်းများ လာရောက်၍ သင်ယူနေမှုများအတွက်လည်း မြန်မာနိုင်ငံအတွက်ဝမ်းမြောက် ဂုဏ်ယူကြောင်း၊ ယခုကဲ့သို့ ကမ္ဘာပေါ်ရှိ ထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတည်ထား ကိုးကွယ်မှုအတွက်လည်း ဝမ်းမြောက်ကြောင်း၊ SAC ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြစေကြောင်းနှင့် မြန်မာနိုင်ငံကြီးတည်ငြိမ်အေးချမ်းပြီး သာယာဝပြောစေကြောင်းဖြင့် ဆုတောင်းစကားကို ပြန်လည်မိန့်ကြားတော်မူပြီး မြန်မာနိုင်ငံအတွက် မေတ္တာပို့ ဆုတောင်းပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိ ဆရာတော်ကြီးထံသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ပုံစံတူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက SAC ဥက္ကဋ္ဌထံ ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ဓမ္မလက်ဆောင်များပေးအပ်ခဲ့ပြီးနောက် အဓိပတိဆရာတော်ကြီးနှင့် SAC ဥက္ကဋ္ဌတို့သည် အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးနှင့် အဖွဲ့ဝင်များသည် ယခုဖေဖော်ဝါရီလ ၂ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် သာသနိကအဆောက်အဦများနှင့် သာသနာတော်ဆိုင်ရာများကို သွားရောက် ဖူးမြော်ကြည်ညိုလေ့လာခဲ့ကြပြီး ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့ကို သွားရောက်ဖူးမြော် လေ့လာကြည်ညိုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်းနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း တန်ခိုးကြီးဘုရားစေတီပုထိုးများကို ဆက်လက် ဖူးမြော်ကြည်ညိုသွားမည်ဖြစ်ကြောင်း သိရသည်။