
MT News
၄. ၂. ၂၀၂၅
လှိုင်မြစ်အတွင်း လူကိုးဦးပါ သမ္ဗာန်တစ်စီးနှင့်ငါးဖမ်းသင်္ဘောတစ်စီးတို့ ယခုညဦးပိုင်းတွင် တိုက်မိခဲ့သော် လည်း အားလုံးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းမြောက်/အနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကျောက်တံတားသမ္ဗာန်ဆိပ်သို့ အေးရွာဘက်မှမောင်းနှင်လာသော သမ္ဗာန်တစ်စီးသည် လှိုင်မြစ်အတွင်း ငါးဖမ်းသင်္ဘောအား တိုက်မိ၍ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ သမ္ဗာန် ခြောက်စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ရှာဖွေယ်ကယ်ဆယ်ရာ သမ္ဗာန်ပေါ်တွင်လိုက်ပါလာသော ရေယာဉ်မောင်းအပါ (၉) ဦးအနက် ကနဦးတွင် အမျိုးသမီး(၂) ဦးအား အသက်ရှင်လျက် ကယ်ဆယ်ရရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ရာ ည ၇ နာရီ ၄၀ မိနစ် အချိန်တွင် ကျန်(၇)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။

ထို့နောက် ရေနစ်သူ အမျိုးသား လေးဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ကိုးဦးတို့အား နီးစပ်ရာသမ္ဗာန်များမှ ကယ်ဆယ်ပြီး အေးရွာသို့ ည ၇ နာရီ မိနစ် ၄၀ အချိန်တွင် ပို့ဆောင်ပေးခဲ့သလို ဖြစ်စဉ်ကြောင့် ရေယာဉ်မောင်းနှင့် အမျိုးသမီးနှစ်ဦးတို့ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Photo – Credit)