၄. ၁. ၂၀၂၃
Written by Nay Moe

လွတ်လပ်ရေးနေ့အပါအဝင် SAC က ပြုလုပ်မည့် အခမ်းအနားများ SAC နှင့် ဆက်နွှယ်သည့်နေရာများကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုများဖြစ်နိုင်သည်ဟု NUG နှင့် PDF များကို ထောက်ပံ့နေသည့် အမေရိကန်နှင့် ဗြိတိန်တို့က အသိပေးထားခြင်းနှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်ပါက ဗုံးခွဲတိုက်ခိုက်သတ်ဖြတ်မည်ဟု PDF များက ခြိမ်းခြောက်ထားခြင်းကြောင့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရပ်ကွက်အလိုက် လမ်းအလိုက် နှစ်စဥ်ကျင်းပသည့် ပျော်ပွဲရွှင်ပွဲများ မရှိသလောက်နည်းပါးခဲ့ကြောင်း သိရသည်။

“လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲဆိုတာက ရပ်ကျေးက လုပ်ပေးတာ မရှိသလောက်ဘဲ။ ပိုက်ဆံစိုက်နိုင်တဲ့လူငယ်တွေက ဝင်ကြေးလေးတွေကောက်။ ပြီးတော့ ပထမ၊ ဒုတိယရသူတွေ ဆုပြန်ချ။ အပျော်ပဲလုပ်ကြတာများတယ်။ ဒီနှစ်ကတော့ PDF တွေက မလုပ်နဲ့ပြောနေတာရော၊ ကလေးတွေ ပျော်စေချင်လို့ လုပ်ပေးရင်တောင် သူလျှို၊ ဒလန်ဆိုပြီး အဆဲခံ၊ အသတ်ခံရနိုင်တာရောကြောင့် မလုပ်ရဲကြဘူးပေါ့” ဟု ရွှေဘုံသာလမ်းကို နှစ်စဥ်ပိတ်ကာ ပျော်ပွဲရွှင်ပွဲလုပ်ကိုင်ရာတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

ယခင်က နှစ်စဥ် လွတ်လပ်ရေးနေ့များတွင် ရပ်ကွက်တိုင်း၊ လမ်းတိုင်းလိုလိုက လမ်းများပိတ်ကာ လမ်းအတွင်းရှိ လူကြီးသူမများက ကလေးငယ်များနှင့် လူငယ်များ ပျော်ရွှင်စေရန် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးလေ့ရှိသော်လည်း NUG နှင့် PDF များကို ထောက်ပံ့နေသည့် အမေရိကန်နှင့် ဗြိတိန်တို့က ဗုံးကွဲနိုင်သည့်နေရာများ၊ နေ့ရက်များကိုပါ အတိအကျ ထုတ်ပြန်လာခြင်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို မကြာခဏသတ်ဖြတ်နေသည့် မြို့ပြပြောက်ကျား PDF များက ထိုသို့ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများကို တိုက်ခိုက်မည်ဟု သတိပေးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် စမ်းချောင်း PDF ကလည်း စမ်းချောင်းမြို့နယ်အတွင်း ပျော်ပွဲရွှင်ပွဲများပြုလုပ်ရန်စီစဥ်သည့် ရပ်ကျေးတာဝန်ရှိသူများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းများကြောင့် အဆိုပါ ပျော်ပွဲရွှင်ပွဲများ ဖျက်သိမ်းခဲ့ရသည်။

“ကျွန်တော်တို့ဘက်ကတော့ သာမန်အခြေခံလူတန်းစားတွေများတယ်။ ပြီးတော့စက်ရုံလုပ်သားနဲ့ အလုပ်ကြမ်းသမားတွေများတာ။ ဒီတော့ တစ်နှစ်တစ်ရက်လေး ပျော်ပါစေဆိုပြီး လူငယ်တွေကပဲဝင်ကြေးတွေကောက်၊ ေဘာလုံးကန်ကြတာ။ ဒီဝင်ကြေးတွေကပဲ ဆုကြေးပြန်ပေးတာပါ” ဟု အရှေ့ဒဂုံတွင် လွတ်လပ်ရေးနေ့ဘောလုံးပြိုင်ပွဲဝင် လူငယ်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့လယ်တွင် ထိုသို့ပျော်ပွဲရွှင်ပွဲများ နည်းပါးသော်လည်း မြို့စွန်များတွင် ပုံမှန်အတိုင်းသာ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေသည်ဟုလည်း သိရသည်။

”ကျွန်တော်တို့ ဒဂုံဆိပ်ကမ်းမှာတော့ မနေ့ညကတည်းက ပျော်ပွဲရွှင်ပွဲလုပ်ဖို့ ပြင်နေကြတာ။ မနက် ၅ နာရီပဲရှိသေးတယ် ကားတွေရွှေ့ခိုင်းပြီး ပျော်ပွဲရွှင်ပွဲလုပ်နေကြတာ။ ဒါပေမဲ့ ခါတိုင်းနှစ်ထက်တော့ ပျော်ပွဲရွှင်ပွဲနည်းပါတယ်”ဟု ဒဂုံဆိပ်ကမ်း ၉၆ ရပ်ကွက်နေ အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News