တပ်ကုန်း PDF များနှင့် ဆက်နွှယ်တရားခံသုံးဦးအပါအဝင် ဖမ်းမိလက်နက်များ တွေ့ရစဥ်

MT News
၄.၁. ၂၀၂၃

တပ်ကုန်း PDF နှင့် ချိတ်ဆက်ကာ လွတ်လပ်ရေးနေ့တွင် နေပြည်တော်နေရာအနှံ့အပြား၌ ဗုံးခွဲမည့် PDF သုံးဦးနှင့် လက်နက်များဖမ်းမိခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာ၌ တပ်ကုန်း PDF အဖွဲ့နှင့်ဆက်သွယ်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်မည့် ကျော်မျိုးသူအား ဖမ်းမိခဲ့သည်။

ကျော်မျိုးသူ၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လယ်ပိုင်းတွင် တပ်ကုန်းမြို့နယ် ဆည်ထိပ်ကျေးရွာနေ လှမိုး(ခ)လှမိုးအောင်၏ နေအိမ်၌ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၆ တောင့်၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ Keypad ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲရသည့် ခလုတ် ၃ ခု၊ Keypad ဖုန်း ၁ လုံး၊ ရီမု ၁ ခုနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး တရားခံပြေး လှမိုး(ခ)လှမိုးအောင်အား တပ်ကုန်းမြို့နယ်၊ ဆည်ထိပ်ကျေးရွာနှင့် ရွှေမြိုကျေးရွာသွားလမ်းပေါ်၌ ဖမ်းမိခဲ့သည်။

လှမိုး(ခ)လှမိုးအောင်၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်းတွင် တပ်ကုန်းမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား စောင့်ကြည့်၍ သတင်းပေးပို့နေသည့် ကျော်ဆန်းအေး(ခ)အရှည်ကြီးအား တပ်ကုန်းမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)ရှေ့ရှိ ဆိုင်ကယ်ကယ်ရီဂိတ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ကျော်မျိုးသူ၊ လှမိုး(ခ) လှမိုးအောင်နှင့် ကျော်ဆန်းအေး(ခ)အရှည်ကြီး တို့ ၃ ဦးသည် တပ်ကုန်း PDF အဖွဲ့ဝင် ဗညား(ခ)သီဟ(ဖမ်းဆီးရန်ကျန်) ၏ ခိုင်းစေမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း လွတ်လပ်ရေးနေ့တွင် အခမ်းအနားပြုလုပ်မည့် တပ်ကုန်းမြို့၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်နေရာ၊ မြဝတီရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းနေရာ၊ တပ်ကုန်းမြို့မဈေး ပတ်ဝန်းကျင်နေရာ၊ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ဘူတာလမ်းနေရာ၊ တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံ (ခုတင်-၁၀၀) ရှေ့ဝင်ပေါက်နှင့် မြောက်ဘက်ဝင်ပေါက် နေရာများ၊ ပေါက်ကွဲမှုဖြစ်ပွားပါက လုံခြုံရေးတပ်ဖွဲ့ဝင်များလာရောက်မည့် နွယ်ရစ်ကျေးရွာအဝင် တံတားထိပ်နေရာ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲပြုလုပ်မည့် လူစည်ကားရာနေရာများအား ဗုံးခွဲရန်စီစဉ်ထားပြီး ထိုသို့ ဖောက်ခွဲဖျက်ဆီးရေး မဆောင်ရွက်နိုင်မီ အချိန်မီကြိုတင် သတင်းလက်ဦးမှုရယူကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News