အာဂျင်တီးနားနိုင်ငံ၏ လက်ရှိ ဒုတိယသမ္မတနှင့် သမ္မတဟောင်း ဖာနန်ဒက်ဇ် ဒီကတ်ချ်နာ

၄. ၁. ၂၀၂၃
Translated by Htwe Ko Tun

အာဂျင်တီးနားနိုင်ငံ၏တရားရုံးတစ်ရုံးက နိုင်ငံ၏ ဒုတိယသမ္မတဖြစ်သူ ခရစ်စတီနာ ဖာနန်ဒက်ဇ် ဒီကတ်ချ်နာ အား ၎င်းသမ္မတအဖြစ်တာဝန်ယူခဲ့သည့် သက်တမ်းများအတွင်းက ခြစားအကျင့်ပျက်မှုကျူးလွန်ကြောင်း တွေ့ရှိရပြီးနောက် ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခဲ့ကာ ဒုတိယသမ္မတတာဝန်ကိုလည်း ဆက်လက်တာဝန်ယူခွင့်မရှိတော့ကြောင်း သိရသည်။

ဖာနန်ဒက်ဇ် ဒီကတ်ချ်နာ အနေဖြင့် ယာယီကင်းလွတ်ခွင့်ရရှိထားသည့်အတွက် လတ်တလောတွင် အကျဉ်းထောင်၌ သွားရောက်ပြစ်ဒဏ်ခံရမည်မဟုတ်ဘဲ အယူခံဝင်ခွင့်ရှိမည်ဖြစ်သည်။ စီရင်ချက်ချမှတ်အပြီးတွင် ဖာနန်ဒက်ဇ် ဒီကတ်ချ်နာက ၎င်းအပေါ်စွဲချက်များကို ငြင်းဆိုခဲ့သော်လည်း ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲသာမက မည်သည့်ရွေးကောက်ပွဲတွင်မှ ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၆၉ နှစ်ရှိပြီဖြစ်သော ဖာနန်ဒက်ဇ် ဒီကတ်ချ်နာ သည် ၂၀၁၉ ခုနှစ်တွင် ဒုတိယသမ္မတတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်တာဝန်ယူခဲ့သည်။

ထိုသမ္မတသက်တမ်းနှစ်ကြိမ်ကာလအတွင်း ၎င်းအနေဖြင့် ဆန်တာခရုဇ်ပြည်နယ်မှ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအား လမ်းလုပ်ငန်းများအတွက် ရံပုံငွေများခွင့်ပြုရာတွင် မမှန်မကန်ပြုလုပ်မှုများ ရှိခဲ့သည်ဟု တရားရုံး၌စွပ်စွဲခံရမှုတွင် အပြစ်ရှိကြောင်း စီရင်ချက်ချခံခဲ့ရခြင်းဖြစ်သည်။

ဖာနန်ဒက်ဇ် ဒီကတ်ချ်နာ၏ ခင်ပွန်းဖြစ်သူ နက်စတာ ကတ်ချ်နာ သည်လည်း ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည်။ ဖာနန်ဒက်ဇ် ဒီကတ်ချ်နာသည် အာဂျင်တီးနားနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးသမ္မတဖြစ်ပြီး ပထမဆုံးသော ရွေးကောက်ခံအမျိုးသမီးသမ္မတလည်းဖြစ်သည်။

Ref—-CNN

Leave a Reply

Your email address will not be published. Required fields are marked *