၁၁.၆.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ ကမ္ဘာလှည့်ခရီးသွားများနှင့် ဒေသခံထိုင်းပြည်သူများပါ လာရောက်ကြရာဖြစ်သော ချာတူချတ်ခရိုင်အတွင်းရှိ ရက်သတ္တပတ်အကုန် စနေနှင့်တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သည့် ချာတူချတ်ဈေးတွင် ယနေ့ ဇွန်လ ၁၁ ရက် နံနက်ပိုင်းက မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာတွင် တိုင်းတစ်ပါးမှလာသော ထူးခြားဆန်းပြား တန်ဖိုးကြီးလှသည့် မျိုးစိတ်များအပါအဝင် အိမ်မွေးတိရစ္ဆာန်ကောင်ရေ ထောင်နှင့်ချီ၍သေဆုံးခဲ့ရကြောင်း သိရသည်။

မီးက ချာတူချတ်ဈေးအတွင်း အိမ်မွေးတိရစ္ဆာန်များရောင်းချရာဈေးကွက်ဖြစ်သော ဆရီဆွမ်ရတ်ဈေးကွက်တွင် နံနက် ၄ နာရီ ၁၀ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းမီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။ အဆိုပါ အိမ်မွေးတိရစ္ဆာန်ဈေးကွက်တွင် ဆိုင်ခန်းပေါင်း ၁၁၈ ခန်းရှိကာ အကျယ်အဝန်းအားဖြင့် ၁,၄၀၀ စ တုရန်းကီလိုမီတာရှိသည်။

မီးသတ်စခန်းပေါင်းများစွာမှ မီးသတ်ကားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပွားရာသို့ လျင်မြန်စွာရောက်ရှိလာခဲ့ကြကာ မီးကို နာရီဝက်ကြာငြှိမ်းသတ်ခဲ့ရသည်။ဈေးသည်များက ၎င်းတို့အနေ ဖြင့် အလှမွေးငါးများ၊ ကြောင်များ၊ ခွေးများ၊ ငှက်များနှင့် မျောက်များအပြင် ဘတ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိတန်သော အခြားတန်ဖိုးကြီးသည့် တိရစ၁္ဆန်မျိုးစိတ်များအပါအဝင် တိရစ္ဆာန်ကောင်ရေ အများအပြားဆုံးရှုံးခဲ့ရကြောင်း ပြောခဲ့ကြသည်။

ဈေးသည်တစ်ဦးက မီးမှာ ခွေးရောင်းချသည့်ဆိုင်ခန်းတစ်ခုမှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ခန်းပိုင်ရှင်များက တိရစ္ဆာန်များအတွက်အဆင်ပြေ သက်သောင့်သက်သာရှိစေရန် လျှပ်စစ်ပန်ကာများကို တစ်ညလုံးပင် ဖွင့်သွားတတ်ကြလေ့ရှိရာ ၎င်းတို့မှ မီးစတင်ခြင်းဖြစ်နိုင်ကြောင်းလည်း ပြောခဲ့သည်။ မီးက ဆရီဆွမ်ရတ်ဈေးကွက်တစ်ခုလုံးကို ပျံ့နှံ့လောင်ကျွမ်းခဲ့ရာ အိမ်မွေးတိရစ္ဆာန်ကောင်ရေ ထောင်နှင့်ချီ၍ သေဆုံးရသည်ဟု ယုံကြည်ကြောင်းလည်း ၎င်းကပြောခဲ့သည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *