၁၁. ၆. ၂၀၂၄
Written by Nyein Kyaw

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် (၄) နှင့် နယ်ခြားစောင့် (၉) တို့၏ ကျန်ရှိတပ်ဖွဲ့ဝင်များ ဆုတ်ခွာချိန်တွင် စက်လှေများဖြင့် ဆုတ်ခွာလာသည့် တပ်မတော်မိသားစုများကို ကမ်းထိုးယာဉ်ပေါ်သို့ တက်ရောက်ခွင့်မပေးဘဲ သေနတ်နှင့်ပစ်ခတ်ခဲ့ခြင်းကြောင့် စက်လှေတိမ်းမှောက်ခဲ့ပြီး ကလေးနှင့် အမျိုးသမီး ၄ ဦးပျောက်ဆုံးခဲ့ကြောင်း ပြည်ပရောက် Exile မီဒီယာများတွင် ဖော်ပြရေးသားနေခြင်းမှာမဟုတ်မှန်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ဖြေကြားထားသည်။

ဖြစ်စဥ်အမှန်မှာ ရာသီဥတုဆိုးဝါးနေခြင်းကြောင့် လှိုင်းသံ၊ လေသံများကြား အဆက်မသွယ်ပြုလုပ်ရာတွင် မကြားရသဖြင့် သတိပေးအချက်ပြအနေဖြင့် သေနတ်သံ ၂ ချက် ပစ်ဖောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း တပ်မတော်မိသားစုဝင်အားလုံးကို ကမ်းထိုးရေယာဉ်ပေါ်သို့ အန္တရာယ်ကင်းစွာတင်ဆောင်၍ စစ်တွေမြို့သို့ ထွက်ခွာလျက်ရှိကြောင်း ဖော်ပြထားသည်။

ကျန်ရှိတပ်မတော်သားများအား ကမ်းထိုးရေယာဉ်ပေါ်သို့ အတက်မခံဘဲ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း နယ်ခြားစောင့်တပ်သားတစ်ဦး ပြောနေသည့် ဗွီဒီယိုဖိုင်တစ်ခု ယမန်နေ့က ပျံ့နှံ့ခဲ့ပြီးနောက် မီဒီယာများက မေးမြန်းခဲ့ရာ SAC သတင်းထုတ်ပြန်ရေးအဖွဲ့က “လုံခြုံရေးတပ်ဖွဲဝင်များနှင့် မိသားစုဝင်များအားလုံးအား ကမ်းထိုးရေယာဉ်ပေါ်သို့ တက်ရောက်ရန်အတွက် သတ်မှတ်အရေအတွက်အတိုင်း စက်လှေများဖြင့် အလှည့်ကျ သယ်ဆောင်ပေးနေစဉ် ရာသီဥတုဆိုးရွားနေသောကြောင့် ကမ်းမှထွက်ခွာရန် မသင့်တော်သေးသည့်အချိန်တွင် အဆိုပါစက်လှေသည် ကမ်းမှခွင့်ပြုချက်မရဘဲ ကမ်းထိုးရေယာဉ်သို ချဉ်းကပ်ရန်ကြိုးစားခဲ့သည်။ သို့သော် အဆိုပါစက်လှေသည် လှိုင်းလေပြင်းထန်မှုကြောင့် ကမ်းထိုးယာဉ်အနီးသို ကပ်၍မရဖြစ်နေချိန်တွင် အန္တရာယ်များသောကြောင့် ကမ်းသို့ပြန်သွားရန်ပြောသော်လည်း အဆိုပါစက်လှေသည် လှိုင်းသံ၊ လှေသံများကြောင့် မကြားရဖြစ်နေသဖြင့် ကမ်းထိုးယာဉ်မှ လက်နက်ငယ် ၂ ချက် ပစ်ဖောက်၍ ကမ်းသို့ပြန်ရန် အသိပေး ပြောကြားခြင်းသာဖြစ်သည်။ ယခုအချိန်တွင် လုံခြုံရေးတပ်ဖွဲဝင်အားလုံးနှင့် မိသားစုများအား ကမ်းထိုးရေယာဉ်ပေါ်သို လုံခြုံဘေးကင်းစွာဖြင့် တင်ဆောင်ကာ စစ်တွေမြိုသို သွားရောက်လျက်ရှိကြောင်း သတင်းရရှိသည်။” ဟု ပြန်လည်ဖြေကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *