၁၁.၆.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ​မြို့ရှောင်လမ်းတွင် အိမ်ခြံမြေပွဲစားလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးမှာ ၎င်း၏ မော်တော်ယာဥ်ထဲ၌ ဓားဒဏ်ရာ ၁၃ ချက်ဖြင့် ထိုးသတ်ခံရပြီး ၎င်း၏မျက်နှာကိုပါ မီးရှို့သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇွန်လ ၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် ပြင်ဦးလွင်မြို့၊ မြို့သစ်၌နေထိုင်သည့် အိမ်ခြံမြေပွဲစားလုပ်သည့်အမျိုးသမီးမှာ မြေပြရန်အတွက် ပြင်ဦးလွင်မြို့၊ မိုးကြိုးပစ်ရွာသို့ မော်တော်ယာဥ်တစ်စီးဖြင့် မောင်းနှင်သွားပြီးနောက် ညခင်းအချိန်တွင် နေအိမ်သို့ပြန်ရောက်လာခြင်းမရှိ၍ မိသားစုဝင်များမှ ဖုန်းဆက်သွယ်သော်လည်း ဖုန်းမကိုင်ကြောင်း သိရသည်။

ထို့နောက် ဇွန်လ ၁၀ ရက် နံနက် ၈ နာရီကျော်တွင် အဆိုပါအမျိုးသမီးကို ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်း၌ ရင်ဘတ်၌ ဓားဒဏ်ရာမြောက်များစွာဖြင့် ထိုးသတ်ခံရပြီး မျက်နှာကို မီးရှို့ခံထားရသည်ရုပ်အလောင်းကို ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

“သူ့မှာ သားနဲ့သမီးရှိတယ်။ ယောကျာ်းကတော့ဆုံးသွားပြီ။ သူ့ရဲ့ ရင်ဘတ်မှာ ဓားဒဏ်ရာ (၁၃) ချက်နဲ့ ထိုးသတ်ခံရတဲ့ ဒဏ်ရာတွေ့တယ်။ ပြီးတော့ သူ့အလောင်းကို ပြင်ဦးလွင် မြို့ရှောင်လမ်းမှာ မီးရှို့ခံရတော့ မျက်နှာနဲ့ဆံပင်တွေ လောင်ထားတယ်။ သူ့ရဲ့ရွှေထည်ပစ္စည်းတွေနဲ့ ပိုက်ဆံကိုမယူသွားဘူး။ သူ့ကို ဇွန်လ ၁၀ ရက် ညနေ ၃ နာရီမှာ သူရဲ့ဇာတိပြင်ဦးလွင်မှာ မီးသင်္ဂြိုဟ်လိုက်တယ်” ဟု ပြင်ဦးလွင်မြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးမှ MT News သို့ ဖြေကြားသည်။

ထိုအမျိုးသမီးကိုင်သည့် ဖုန်းကို ဇွန်လ ၁၁ ရက် နံနက်ခင်းအချိန်တွင် ပြင်ဦးလွင်မြို့၊ မြို့သစ်လမ်းနေ အမျိုးသမီးတစ်ဦးမှ လူမှုကွန်ရက်ပေါ်တွင် ဖုန်းတစ်လုံးကောက်ရထားကြောင်း ထိုဖုန်းမှ Sim ကတ်မရှိသောကြောင့် ဖုန်းပိုင်ရှင်မိသားစုဝင်များ ဆက်သွယ်ရန်တင်ထားပြီးနောက် ထိုဖုန်းကိုမိသားစုဝင်များမှ လာရောက်ယူဆောင်သွားကြောင်း သိရသည်။

“ဖုန်းတစ်လုံးကောက်ရထားလို့ လိုင်းပေါ်တင်တာ။ မနက်က ဖုန်းပိုင်ရှင်မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာလူကြီးတွေက လာယူသွားတာ။ ဖုန်းပိုင်ရှင်ကတော့ ဆုံးသွားပြီလို့ပြောတယ်”ဟု ဖုန်းကောက်ရထားသည့် Ah Mee Lay မှ MT News သို့ဖြေကြားသည်။

Photo – Ah Mee Lay

Leave a Reply

Your email address will not be published. Required fields are marked *