October 22, 2024

၁၁.၆.၂၀၂၄
Translated by Htwe Ko Tun

မာလာဝီသမ္မတနိုင်ငံ ဒုတိယသမ္မတ ဆော်လို့စ် ကလော့စ်ချီလီမာ လိုက်ပါလာသော လေယာဉ်က ဇွန်လ ၁၀ ရက်တွင် ထူထပ်သောသစ်တောအုပ်တစ်ခုအတွင်းသို့ ပျက်ကျခဲ့ရာ ပြန်လည်၍ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း ဇွန်လ ၁၁ ရက်တွင် မာလဝီစစ်ဖက်က ပြောကြားခဲ့သည်။

မာလာဝီစစ်ဖက်မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ်သော ပေါလ် ဗင်လန်တီနို ဖီလီက ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများမှာ နှင်းများထူထပ်စွာကျနေသော ရာသီဥတုကြောင့် ချီကန်ဂါဝါတောအုပ်အတွင်း ရှာဖွေလျက်ရှိရာတွင် မြင်ကွင်းကွဲပြားမှုမရှိဖြစ်ကာ အခက်အခဲဖြစ်နေရကြောင်း ပြောခဲ့သည်။

ဒုတိယသမ္မတ ချီလီမာမှာ အသက် ၅၁ နှစ်ရှိကာ အခြားအဖွဲ့ဝင် ၉ ဦးနှင့်အတူ ဇွန်လ ၁၀ ရက် နံနက် ၀၉ နာရီ ၁၇ မိနစ် (ဂရင်းနစ်စံတော်ချိန် ၀၇၁၇ နာရီ) တွင် မြို့တော် လီလွန်ဝီမှ စစ်လေယာဉ်တစ်စီးနှင့် ထွက်ခွာလာခြင်းဖြစ်သည်။

လေယာဉ်က အမ်ဇူဇူ(Mzuzu)မြို့လေဆိပ်သို့ နံနက် ၁၀ နာရီ ၂ မိနစ်တွင်ရောက်ရှိဆင်းသက်ရန်ဖြစ်သော်လည်း မြင်ကွင်းမသဲကွဲမှုကြောင့် ဆင်းသက်ရန်မဖြစ်နိုင်၍ မြို့တော် လီလွန်ဝီ သို့ ပြန်လှည့်ရန်အမိန့်ပေးခဲ့ကြောင်း သမ္မတ လာဇာရုစ် ချာကွီရာက ဇွန်လ ၁၀ ရက်တွင် နိုင်ငံသို့ရုပ်မြင်သံကြားမှမိန့်ခွန်းပြောရာ၌ပြောခဲ့သည်။

ထို့နောက်တွင် လေယာဉ်က ရေဒါမြင်ကွင်းမှ ပျောက်သွားခဲ့ကာ လေကြောင်းပျံသန်းရေးအာဏာပိုင်များ အနေဖြင့် ဆက်သွယ်၍မရဖြစ်ခဲ့သည်။ မာလာဝီပြန်ကြားရေးဝန်ကြီးက အန်ဂိုလာနိုင်ငံ အာကာသအေဂျင်စီကို ပျောက်ဆုံးနေသောလေယာဉ်အားရှာဖွေရာတွင် အကူအညီတောင်းခံထားကြောင်းလည်းပြောခဲ့သည်။

ဒုတိယသမ္မတ ချီလီမာ က ၂၀၂၂ ခုနှစ်တွင် အဂတိလိုက်စားမှုစွပ်စွဲချက်များဖြင့် ဖမ်းဆီးခံခဲ့ရသေးကာ၂၀၂၅ ခုနှစ်သမ္မတရွေးကောက်ပွဲတွင် အလားအလာကောင်းသူတစ်ဦးအဖြစ်သိထားကြသည်။ ချီလီမာက ၎င်းအပေါ်စွပ်စွဲချက်များကို ငြင်းဆိုခဲ့ကာ မာလာဝီတရားရုံးက ၎င်းအပေါ်စွဲချက်များကို မေလကပယ်ဖျက်ခဲ့သည်။

Ref- Straits Times

Leave a Reply

Your email address will not be published. Required fields are marked *