၁၁. ၆. ၂၀၂၄
Written by Ye Kyaw

တရုတ်နိုင်ငံတွင် ရောင်းချမည့် အဝတ်အထည်များ မြန်မာနိုင်ငံသို့ လာရောက်ချုပ်လုပ်မှု များပြားနေခြင်းကြောင့် ပြည်တွင်းရှိ တရုတ်အထည်ချုပ်စက်ရုံများ အော်ဒါတိုးတက်ရရှိနေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“တရုတ်စက်ရုံတွေကတော့ အော်ဒါတွေရှိကြတယ်ပြောတယ်။ အီးယူတော့ ကျန်ပါသေးတယ်။ Brand အကြီးကြီးတွေမကျန်ဘူး။ အလယ်အလတ်တွေကျန်တယ်။ အာရှကတော့ ဂျပန်၊ ကိုရီးယား၊ တရုတ်လည်းရှိတယ်။ တရုတ်ကတော့ သူတို့တရုတ်စက်ရုံတွေပဲ အပ်တာ။ မြန်မာပိုင်စက်ရုံတွေကို မအပ်ဘူး။ တရုတ်ပြည်ထဲမှာ ရောင်းမယ့်အထည်တွေ။ အဲဒီတရုတ်ပြည်ကနေ မြန်မာပြည်မှာလာချုပ်တဲ့သူတွေကို တရုတ်အချင်းချင်းပေးတာပေါ့” ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက MT News သို့ ပြောသည်။

အမှာစာအသစ်များနှင့် ထုတ်လုပ်ရေးတွင် ပိုမိုအားကောင်းသော လုပ်ငန်းတိုးချဲ့မှုများရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှုသည် ရှစ်လအတွင်း ပထမဆုံးအကြိမ် တိုးတက်လာခဲ့ကာ အာဆီယံဒေသတွင်းနိုင်ငံများ၌ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံများထက် တိုးတက်ခဲ့ကြောင်း ဇွန်လ ၃ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

ရှမ်းမြောက်တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ PMI အညွှန်ကိန်းအလယ်အမှတ် ၅၀ စံနှုန်းအထက်အောက်သို့ ကျဆင်းခဲ့ပြီး မြန်မာ့ကုန်ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ် မေလတွင် ကုန်ထုတ်လုပ်မှုတိုးလာခဲ့၍ PMI အညွှန်းကိန်း ၅၂ ဒသမ ၁ ရှိခဲ့ပြီး စံနှုန်းအလယ်မှတ် ၅၀ ကျော်သို့ ရှစ်လအတွင်း ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံတဝှမ်းတွင် အထည်ချုပ်စက်ရုံပေါင်း ၂၉၈ ခု ရပ်နားသွားခဲ့ရကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပြောဆိုထားပြီး ရပ်နားသွားသော အထည်ချုပ်စက်ရုံအရေအတွက်က အထည်ချုပ်စက်ရုံအားလုံး၏ ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း မြန်မာနိုင်ငံအထည်ချုပ်အသင်းမှ သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင် ကျဆင်းခဲ့သည့် အော်ဒါအသစ်များ ပြီးခဲ့သည့်မေလအတွင်း ပြန်လည်တိုးတက်ရရှိခဲ့ခြင်းဖြစ်ကြောင်း စစ်တမ်းများအရ သိရပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့် စာရင်းများအရ ပြီးခဲ့သည့်ဘဏ္ဍာနှစ် ၉ လကျော်အတွင်း အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုပမာဏမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၃ ဒသမ ၃၀၈ ဘီလျံရရှိထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *