October 22, 2024

၁၁. ၆. ၂၀၂၄
Written by Nay Moe

ရှမ်းပြည်မြောက်ပိုင်းမှာ ကိုးကန့်လက်နက်ကိုင် MNDAA အဖွဲ့က ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလတွေအတွင်း ပြစ်မှုကျူးလွန်သူ ၇ ဦးကို သေဒဏ်စီရင်ခဲ့မှုအပေါ်  ဥပဒေအထောက်အကူပြုကွန်ရက်က မေးခွန်းထုတ်လာခဲ့ပြီး သူမေးတာတွေ ရှင်းလင်းစွာ ဖြေနိုင်ရင် MNDAA ဘက်က ခုခံပေးမှာဖြစ်ပေမဲ့ ရှင်းလင်းစွာမဖြေနိုင်ရင်တော့ MNDAA သေဒဏ်ပေးလို့ သေဆုံးသူ တစ်ဦးစီတိုင်းကို အမေရိကန် ဒေါ်လာ ၁ သိန်းစီ လျော်ဖို့ စိန်ခေါ်တောင်းဆိုလိုက်ပါတယ်။

ဒီစိန်ခေါ်မှုတွေကိုတော့ လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်ပြီး ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းအုပ်လည်းဖြစ်တဲ့အပြင် ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ ဦးအောင်ထူးက အိတ်ဖွင့်ရှင်းလင်းမေးမြန်းစာအဖြစ် MNDAA ထံ ဇွန်လ ၇ ရက် ရက်စွဲနဲ့ စိန်ခေါ် ပေးပို့ခဲ့တာဖြစ်ပါတယ်။ MNDAA က ဧပြီ ၂၄ ရက်မှာ လူ ၃ ဦးသေဒဏ်ပေးတာနဲ့ မေလ ၂ ရက်မှာ လူ ၄ ဦး သေဒဏ်စီရင်တဲ့အပြင် မေလ ၂၂ ရက်မှာလည်း သေဒဏ်ဆက်လက်စီရင်တာတွေ ဆက်လုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး MNDAA လုပ်ရပ်ဟာ ကျော်မင်းယု (ခ) ဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်၊ အောင်သူရဇော်တို့ကို သေဒဏ်ပေးတဲ့ SAC လိုမျိုးလုပ်တာဖြစ်လို့ အံ့ဩတုန်လှုပ်မိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ မဟုတ်ဘဲ သံသယနဲ့ မှားယွင်းစွာ သေဒဏ်စီရင်မှုတွေ ကမ္ဘာပေါ်မှာ များစွာရှိခဲ့တာကြောင့် နိုင်ငံပေါင်း ၁၄၄ နိုင်ငံမှာ သေဒဏ်ကို လုံးဝ ဖျက်သိမ်းလိုက်သလို သေဒဏ်ဆက်ထားပေမဲ့ အမှန်တကယ်မကျင့်သုံးတဲ့နိုင်ငံ ၂၃ နိုင်ငံရှိနေချိန်မှာ MNDAA ရဲ့ ကိုးကန့်ဒေသဟာ အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံထဲက ရှမ်းပြည်နယ်ရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်လို့ နယ်မြေထိန်းချုပ်နိုင်ရုံနဲ့ လွတ်လပ်တဲ့နိုင်ငံတစ်ခုလို လုံး၀မလုပ်သင့်ဘူးလို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
 
ဒါ့ကြောင့် MNDAA အနေနဲ့ အခုလို သေဒဏ်စီရင်ခဲ့မှုအပေါ်  ဥပဒေ အထောက်အကူပြုကွန်ရက်က သေဒဏ်စီရင်ခံရသူတွေဟာ တကယ့်ကို လုပ်ထုံးလုပ်နည်းအရ ဥပဒေအရ တရားမျှတခဲ့ရဲ့လားဆိုတာကို ခေါင်းစဥ် ၈ ခုနဲ့ ဥပဒေကြောင်းဆိုင်ရာ မေးခွန်း အများအပြားကိုမေးမြန်းထားပြီး ဒီမေးခွန်းတွေကို ရှင်းလင်းစွာဖြေကြားနိုင်ရင် MNDAA ဘက်ကနေ ခုခံကာကွယ်ပေးမယ်လို့ စိန်ခေါ်ထားသလို မေးခွန်းတွေကို ရှင်းလင်းစွာ မဖြေနိုင်ရင်တော့ MNDAA သတ်လို့ သေဆုံးသူ တစ်ဦးချင်းစီကို အမေရိကန် ဒေါ်လာ ၁ သိန်းစီ လျော်ကြေးပေးဖို တောင်းဆိုထားပေမဲ့ ဒီစိန်ခေါ်တောင်းဆိုမှုကိုတော့ MNDAA ဘက်က တုံ့ပြန်မှု ဒီနေ့အထိတော့ ထွက်မလာသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *