၁၁. ၆.၂၀၂၄
Written by Hey Mar

ရန်ကုန်မြို့ကနေ ချောင်းသာမြို့ကို မောင်းနှင်လာတဲ့ ခရီးသည်တင်မှန်လုံယာဥ်ဟာ ပုသိမ်-ချောင်းသာကားလမ်း၊ မိုင်တိုင်အမှတ်(၁၅ မိုင် ၃ ဖာလုံ)အနီးရောက်ရှိစဥ် ဘရိတ်ပေါက်ကာ သစ်ပင်ကို ဝင်တိုက်မိပြီး ယာဥ်မောင်းအပါအဝင် ခရီးသည်နှစ်ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဇွန်လ ၁၁ ရက် နေ့လယ် ၁ နာရီ မိနစ်၂၀ ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဥ်က ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နဲ့(၁၆)မိုင်ခန့်အကွာ​၊ ရှောပြာ​ကျေးရွာအုပ်စု၊​ လှေလုံး​တောင်​ကျေးရွာအနီးမှာဖြစ်ပွားခဲ့ပြီး ယာဥ်​မောင်း ဦးစိန်မင်းနိုင် (၄၉)နှစ်(ဘ)ဦးထွန်းတင်​ မောင်းနှင်ကာ ခရီးသည် (၃၀)ဦး တင်​ဆောင်လာတဲ့ ထက်​အောင်လင်း မှန်လုံယာဥ်ဟာ ဘရိတ်​ပေါက်ပြီး သစ်ပင်ကို ဝင်​ရောက်တိုက်မိ​ကာ အဆိုပါမတော်တဆမှုကြောင့် ယာဥ်ပေါ်ပါ ယာဥ်မောင်းဖြစ်သူ ခြေကျင်းဝတ် ကျိုးထိခိုက်ဒဏ်ရာ ရရှိပြီး အသက် ၅၀ နှစ်အရွယ် အမျိုးသား နဖူး ဖူးယောင် မစိုးရိမ်ရ ဒဏ်ရာနဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသမီးမှာ လက်အရိုးကျိုး ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာကို မီးသတ်ဦးစီးအရာရှိဦးစီးပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၉)ဦး၊ အရန်(၁၀)ဦးတို့က မီးငြှိမ်းသတ်ယာဥ်(၁)စီးနဲ့ သွား​ရောက်လို့ ရှာ​ဖွေကယ်ဆယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ ဒဏ်ရာရရှိသူ ၃ ဦးကို မုဒိတာအသင်း သူနာတင်ယာဥ်နဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးဆီ တင်ပို့ခဲ့ကာ ယာဥ်မဆင်မခြင်မောင်းနှင်သူ ယာဥ်မောင်းကို ဆက်လက် အရေးယူနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *