◾️ ရွေးချယ်ခံရပါက ဆုကြေး ကျပ် ၂၅ သိန်းရရှိမည့်အပြင် ၎င်း၏ Logo အား မူပိုင်ခွင့် သတ်မှတ်ပေးမည်

၁၁. ၆. ၂၀၂၄
Written by Nyein Kyaw

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကိုယ်စားပြု သတ်မှတ်အသုံးပြုမည့် အထိမ်းအမှတ် တံဆိပ် (Logo) ရေးဆွဲပြိုင်ပွဲကို ဇွန်လ ၁၃ ရက်မှ ဇူလိုင်လ ၁၂ ရက်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။

ပြိုင်ပွဲဝင်ပုံစံအား (၁)စောင်လျှင် ကျပ် ၃,၀၀၀ နှုန်းဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနရှိ လူထုအားကစားနှင့် ပညာပေးဌာနခွဲ (ဝဏ္ဏသိဒ္ဓိအားကစားကွင်း)နှင့် ရန်ကုန်မြို၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူထုအားကစားနှင့် ပညာပေးဌာနခွဲများသို့ လူကိုယ်တိုင် လာရောက်ဝယ်ယူရမည်ဖြစ်ပြီး အဆိုပါပုံစံနှင့်အတူ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပြိုင်ပွဲဝင်သူသည် မိမိရေးဆွဲထားသော ပန်းချီကား၊ Graphic Design နှင့် Soft Copy များကို ကိုယ်တိုင်ရေးဆွဲထားကြောင်း ဝန်ခံချက်၊ ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံနှင့်အတူ လူကိုယ်တိုင် လာရောက်ပို့ဆောင်၍ဖြစ်စေ၊ ရာသီဥတုကြောင့် မပျက်စီးနိုင်သည့် လုံခြုံစွာထုပ်ပိုးထားသော အမြန်ချောပို့စနစ်ဖြင့်ဖြစ်စေ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရက် နောက်ဆုံးထား၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲသို ပေးပို့ရမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ရွေးချယ်ခြင်းခံရပါက ဆုကြေးငွေကျပ် ၂၅ သိန်း ချီးမြှင့်ပေးသွားမည်ဖြစ်ရာ ရွေးချယ်ခြင်းခံရသူအား နေ့စဉ်ထုတ်သတင်းစာများတွင် ကြော်ငြာ၍ ဆုချီးမြှင့်ပွဲ ကျင်းပပေးမည်ဖြစ်သည့်အပြင် ရွေးချယ်ခံရသော Logo ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ မူပိုင်အဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင်များ ဝင်ရောက်ယှဉ်ပြိုင်သည့် အထိမ်းအမှတ်တံဆိပ်(Logo) တွင် ပါဝင်ရမည့်အချက်များမှာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကျင်းပမည်ဆိုသည့်အဓိပ္ပာယ်၊ ကျင်းပသည့် အကြိမ်အရေအတွက်နှင့် ပါဝင်ယှဉ်ပြိုင်မည့်ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအား ကိုယ်စားပြုသောအဓိပ္ပာယ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်အထိမ်းအမှတ် ပြာ၊ ဝါ၊ နက် ၊ စိမ်း၊ နီ အရောင်ပါကွင်း(၅)ကွင်း၊ အားကစားသမားအချင်းချင်း၊ ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများအကြား ချစ်ကြည်ရင်းနှီးမှု သဘောဆောင်သည့် ရေးဆွဲချက်၊ မိမိနိုင်ငံရှိ ထင်ရှားသော အထိမ်းအမှတ် အဆောက်အဦများကို ဖော်ညွှန်းသည့် အဓိပ္ပာယ်ပါသော ရေးဆွဲချက်နှင့် မိမိရေးဆွဲယှဉ်ပြိုင်သည့် ပန်းချီ သို့မဟုတ် Graphic Design တွင် ရေးဆွဲထားသော အကြောင်းအရာနှင့် အသုံးပြုထားသော အရောင်တို့၏ အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်ပါရှိရမည် စသည့်အချက် ၆ ချက်နှင့်ပြည့်စုံရမည်ဖြစ်သည်။

အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ်တို့ကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် ကျင်းပခဲ့ကာ ယခု ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် ပဥ္စအကြိမ် အမျိုးသားအားကစားပွဲတော်သည် ၁၀ နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မေလ ၂၈ တွင် ပြုလုပ်သည့် ၂၀၂၄ ခုနှစ် ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် မှာကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *