၂၇.၄.၂၀၂၄
Written By Thandar

ချစ်စရာကောင်းတဲ့ ရင်ခွင်မဲ့ကလေးတွေကို ပြုစု‌စောင့်ရှောက်ပေးနေတဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” ရဲ့ ပဲ့ကိုင်ရှင် သရုပ်ဆောင် ခိုင်နှင်းဝေက ငွေကျပ် သိန်းပေါင်း ၆ ထောင်ဝန်းကျင်ခန့်ရှိ မြေနေရာနဲ့ သုံးထပ်ဆောင် အဆောက်အဦအသစ်ကို တည်ဆောက်တော့မယ်လို့ ဆိုပါတယ်။

“အစ်မအနေနဲ့ကတော့ ယောက်ျားလေးတွေ တစ်ထပ်၊ မိန်းကလေးတွေ တစ်ထပ်၊ သုံးထပ်ဂေဟာလေး ဆောက်ဖို့အတွက်တော့ လုပ်ထားပါတယ်။ ကလေးတွေက နည်းနည်းကြီးလာကြပြီဆိုတော့ သူတို့အတွက် နေရာလေးတွေ လိုလာပြီ။ ကုတင်လေးတွေ၊ ကိုယ့်အဝတ်အစား စင်လေးနဲ့ နေတတ်ဖို့အတွက် နေရာလေးလည်း လိုတယ်။ ပြီးတော့ ယောက်ျားလေး၊ မိန်းကလေး ခွဲပြီး ထားချင်တာဖြစ်တဲ့အတွက် အခုလိုမျိုး လုပ်ဖြစ်တာပါ။ ကလေးတွေ စမွေးကတည်းက ကြီးလာရင် ဘယ်လိုထားရမလဲဆိုတာကို တွေးထားခဲ့တာပေါ့။ ဆယ်နှစ်ကျော်လောက် ရောက်လာပြီဆိုရင် သူတို့လေးတွေက လူပျို၊ အပျိုပေါက်လေးတွေ ဖြစ်လာပြီဆိုရင် နောက်ထပ်နေရာလေးတွေက လိုနေဦးမှာပဲ။ နောက်ထပ်မွေးမယ့် ကလေးလေးတွေကလည်း ကြီးလာဦးမှာဆိုတော့ အစ်မက တိုးချဲ့ဖို့တွေပဲ အများကြီး လုပ်ထားရတာပေါ့”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

သူမဟာ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းရှိပေ ၄၀ ၊ ၆၀ မြေနေရာကို ငွေကျပ် သိန်း ၆ ထောင် ဝန်းကျင်ခန့်နဲ့ အသင်းပိုင်အမည်နဲ့ ဝယ်ယူထားတာဖြစ်ပြီး ၃ ထပ်ဆောင်အဆောက်အဦအသစ်တည်ဆောက်ဖို့အတွက် စာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါဂေဟာမှာတော့ ရင်ခွင်မဲ့အမွှာကလေးငယ် ၇ မွှာ ရှိပြီး စုစုပေါင်း ကလေးငယ် ၁၀၉ ယောက် ကို ပြုစုစောင့်ရှောက်နေတာလည်းဖြစ်ပါတယ်။

“ကျွန်မအနေနဲ့ကတော့ ဘယ်လောက်ပဲ ပင်ပန်းပါစေ ကလေးတွေအတွက် ကြိုးစားသွားဦးမှာပါ။ အလှူရှင်တွေ လှူထားတာတွေကို အလကား မဖြစ်စေရအောင်ရယ်။ ကလေးတွေကို တိုးတက်အောင်မြင်ပြီး လူတော်လူကောင်းတွေ ဖြစ်တဲ့အထိ မွေးထုတ်ပေးသွားမှာပါ။ ဂေဟာတည်ထောင်ခဲ့တဲ့ ၆ နှစ်တာ ကာလ အတွင်းမှာ လှူဒါန်းပေးကြတဲ့ ခုနှစ်ရက် သားသမီး အလှူရှင်တွေ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *