၂၇. ၄. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ အတ္တာအက်ဟန်းပြည်နယ်၏ နိုင်နီတယ်လ်ခရိုင်အတွင်း တောမီးများလောင်ကျွမ်းမှုက ၃၆ နာရီကျော်ကြာလာပြီဖြစ်၍ ဧပြီလ ၂၇ ရက်တွင် အိန္ဒိယလေတပ်နှင့်ကြည်းတပ်တို့ကို အကူအညီတောင်းခံမှုပြုခဲ့ရကြောင်း သိရသည်။

တောမီးလောင်ကျွမ်းမှုက ဧပြီလ ၂၆ ရက်တွင်မူ နိုင်နီတယ်လ်မြို့ရှိ ခရိုင်တရားရုံးချုပ်အနီး ရောက်ရှိသည်အထိ ပိုမိုပြင်းထန်လာခဲ့သည်။ လွန်ခဲ့သော ၂၄ နာရီအတွင်းတွင် ပြည်နယ်အတွင်း တောမီးလောင်ကျွမ်းမှု ၃၁ မှုအထိဖြစ်ခဲ့ရ ကာ သစ်တောမြေ ၃၃ ဒသမ ၃၄ ဟက်တာ ပျက်စီးဆုံးရှုံးခဲ့ရ ကြောင်းလည်း ဧပြီလ ၂၇ ရက် နံနက်ပိုင်း သတင်းများကဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ပွတ်ရှ်ကာ ဆင်း ဒါမီက အိန္ဒိယလေတပ်ကလည်း ရဟတ်ယာဉ်များနှင့် မီးငြှိမ်းသတ်မှုများ ပြုလုပ်လျက်ရှိရာ မကြာမီ မီးကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ပြောခဲ့သည်။ တောမီးက နိုင်နင်တယ်လ် ခရိုင်ရုံးဌာနချုပ်အနီး စတင်လောင်ကျွမ်းခဲ့ရာ ခရိုင်တရားရုံးချုပ်အနီးသို့ရောက်သည်အထိ ကူးစက်လောင်ကျွမ်းခဲ့သည်။ တောမီးကြောင့် တရားရုံးချုပ်အား ထိခိုက်လောင်ကျွမ်းမှုမရှိသေးသော်လည်း အလွန်အန္တရာယ်ကြီးကာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရဟတ်ယာဥ်ဖြင့် မီးငြှိမ်းသတ်ရာတွင် MI-17 ရဟတ်ယာဉ်တစ်စီးက ရေများကိုသယ်ယူကာ ထင်းရှုးပင်များပေါ်သို့ လောင်းချနေသည်ကို တွေ့ရကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှစ၍ ယခုထိ တောမီးလောင်ကျွမ်းမှု ၅၇၅ မှုရှိခဲ့ကာ သစ်တောမြေ ၆၈၉ ဒသမ ၈၉ ဟက်တာ ဆုံးရှုံးခဲ့ရပြီး ရူပီးငွေ ၁၄ သိန်းခန့် နစ်နာဆုံးရှုံးခဲ့သည်။

Ref- Indian Express

Leave a Reply

Your email address will not be published. Required fields are marked *