၂၇. ၄. ၂၀၂၄
Written by Thettant

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အကောက်တောင်ခြေ၊ သောကြာဒူးကျေးရွာအနီး ဧရာဝတီမြစ်အတွင်းကို ဆယ်ကျော်သက်လူငယ် ၅ ဦးရေဆင်းကူးရာက လူငယ် ၄ ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနထုတ်ပြန်ချက်နဲ့ ကူညီပေးခဲ့တဲ့ပရဟိတအဖွဲ့အစည်းတွေက သိရပါတယ်။

မြန်အောင်ခရိုင် အင်ပင်မြို့က လူငယ်တွေဟာ Light Truck ကားတစ်စီးနဲ့ အကောက်တောင်ကို ဘုရားဖူးလာရင်း ကြံခင်းမြို့နယ် သောကြာဒူးအုပ်စု သောကြာဒူးကျေးရွာ ဧရာဝတီကမ်းနားမှာ ရေဆင်းချိုးချိန် လူငယ်လေးဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တာပါ။ ရေနစ်သေဆုံးသူတွေ အားလုံးက အင်ပင်မြို့ကဖြစ်ပြီး မောင်လင်းလက်သာ ( အသက် ၁၅ နှစ် ) ကြံခင်းလမ်း ၊ အမှတ် ( ၁ ) ရပ်ကွက် အင်ပင်မြို့၊ မောင်သော်ဇေရာထွန်း ( အသက် ၁၅ နှစ် ) ကြံခင်းလမ်း ၊ အမှတ် ( ၁ ) ရပ်ကွက် ၊ အင်ပင်မြို့၊ မောင်သွင်ညီညီဇော် ( အသက် ၁၆ နှစ် ) ကြံခင်းလမ်း ၊ အမှတ် ( ၄ ) ရပ်ကွက် ၊ အင်ပင်မြို့၊ မောင်ဟိန်းစည်သူစိုး ( အသက် ၁၇ နှစ် ) ကြံခင်းလမ်း ၊ အမှတ် ( ၄ ) ရပ်ကွက် ၊ အင်ပင်မြို့တို့ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပြီး မောင်မင်းခန့်ကိုကတော့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

“ဧရာဝတီမြစ်ရေလည်းတက်နေလို့ အန္တရာယ်လည်းများလို့ သင်္ကြန်ပြီးကတည်းက ရေချိုးဆိပ်ပိတ်ထားတာ။ ရေဆင်းကူးကြရင်း ရေနက်ပိုင်းရောက်သွားတော့ ရေနစ်သေဆုံးကုန်တာပါ။ လူကြီးမိဘတွေလည်းပါလာပါတယ်။ အခုတော့ နေရပ်ပြန်သယ်သွားကြပါပြီ” လို့ ကယ်ဆယ်ပေးခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီလို ရေနစ်သေဆုံးတဲ့ လူငယ်တွေကို ဒေသခံ ပရဟိတ အသင်းတွေဖြစ်တဲ့ မေတ္တာမွန် လူမှုကူညီရေးအသင်း ( ကြံခင်း )၊ ရွှေမေတ္တာ နာရေးကူညီမှုအသင်း ( ထုံးဘို )၊ ကျန်းမာစေလိုပရဟိတ အသင်း ( ကရင်စု )၊ ရွှေဆိပ်သာ လူမှုကူညီရေးအသင်း ( ဆိပ်သာ ) နဲ့ မြို့နယ် မီးသတ်ဌာနအပါအဝင် ဒေသခံတွေ ဝိုင်းဝန်းကူညီကယ်ဆယ်ရှာဖွေခဲ့ကြပြီး ရုပ်အလောင်းတွေကိုတော့ဆိပ်သာတိုက်နယ်ဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ။ ရေနစ်သူများကို ရှာဖွေကယ်ဆယ်မှုနှင့် ရုပ်အလောင်းမြင်ကွင်း (ဓာတ်ပုံ – ကိုကျော်ကျော်အေးကြူ၊ Ty Lar)

Leave a Reply

Your email address will not be published. Required fields are marked *