၂၇.၄.၂၀၂၄
Translated by Htwe Ko Tun

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဧပြီလ ၂၇ ရက် ညနေပိုင်း၌ ပါလက်စတိုင်းထောက်ခံရေးနှင့် ဂျူးဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ရာ ဆန္ဒပြသူအင်အားသောင်းဂဏန်းအထိ ပါဝင်လာဖွယ်ရှိသည်ဟု မျှော်လင့်ရကာ မြို့တော်ရဲတပ်ဖွဲ့အနေနှင့်လည်း အဆိုပါဆန္ဒပြပွဲများကို စောင့်ရှောက်ကြီးကြပ်ရန်ခန့်မှန်း ကုန်ကျစရိတ် ပေါင်စတာလင် ၃၈ ဒသမ ၅ သန်း(အမေရိကနမ်ဒေါ်လာ ၄၈ သန်း) ခန့်ရှိသွားပြီဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

လန်ဒန်ရဲတပ်ဖွဲ့အနေနှင့်အစ္စရေး-ဟားမားစ်စစ်ပွဲကြောင့် မြင့်တက်လာသော တင်းမာမှုများကိုထိန်းသိမ်းနိုင်ရန် အပြင်း အထန် ကြိုးပမ်းနေရသည်။ မြို့တော်အတွင်း ဂျူးလူမျိုးများအဖို့ ပါလက်စတိုင်းတို့၏ ခြိမ်းခြောက်ရန်ပြုမှုများကို ထပ်ခါထပ်ခါ ကြုံတွေ့နေရပြီး ဂျူးဆန့်ကျင်ရေး ချီတက်ပွဲများကိုလည်း မြို့၏လမ်းများပေါ်တွင် အဆက်မပြတ်တွေ့နေရသည်။

ထို့ပြင် လန်ဒန်ရဲတပ်ဖွဲ့က အဆိုပါဆန္ဒပြချီတက်ပွဲများစတင်သည်မှစ၍ ဖမ်းဆီးထားသူ ၄၅၀ ရှိပြီဖြစ်ကြောင်းနှင့် ၎င်းတို့အနက် ၁၉၃ ဦးမှာ ဂျူးမုန်းတီးရေးလှုံ့ဆော်မှုစွဲချက်များဖြင့် ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ဖမ်းဆီးထားသည့်ဆန္ဒပြသမားအများစုက မုန်းတီးရေးစာတမ်းများ ဖော်ပြထားသည့် ပိုစတာများကိုကိုင်ဆောင်ခြင်း၊ ကြွေး ကြော်အော်ဟစ်ခြင်းတို့ကြောင့် ဖမ်းဆီးခံရခြင်းဟုလည်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။ သို့သော် ဆန္ဒပြမှုများက ပြည်သူလူထုအကြား အန္တရာယ်ရှိသော ဖရိုဖရဲ အပြောင်းအလဲ အခြေအနေတစ်ရပ်ကိုဖြစ်စေနိုင်မည့် အဆင့်သို့မရောက်သေးကြောင်းလန်ဒန်ရဲတပ်ဖွဲ့ ဒုတိယမဟာမင်းကြီး မတ်တွစ်က ပြောခဲ့သည်။

ဧပြီလ ၂၇ ရက် တွင် ဂျူးဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲအနီးတွင် တစ်ပြိုင်တည်းပြုလုပ်သွားရန် ဂျုးထောက်ခံရေးအုပ်စုဖြစ်သော Enough is Enough အုပ်စုက စီစဉ်ထားသော ဆန္ဒပြချီတက်ပွဲမှာမူ လုံခြုံရေးဆိုင်ရာစိုးရိမ်ရမှုများကြောင့် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ဗြိတိန်ရောက် ဂျူးလူမျိုးများကမူ ၎င်းတို့မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှစ၍ ပါလက်စတိုင်းထောက်ခံသူများ၏ နှုတ်အားဖြင့် အလွဲသုံးစားအနိုင်ကျင့်မှုများကိုခံနေရပြီး ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှုများကိုလည်း မှတ်တမ်းတင်ထားကြောင်း ပြောခဲ့ကြသည်။

Ref–The Guardian

Leave a Reply

Your email address will not be published. Required fields are marked *