၂၇.၄.၂၀၂၄
Written By Thandar

ပြန်ကြားရေးဝန်ကြီးဌာနဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးထုတ်လွှင့်ပြသရေးနဲ့ပတ်သက်ပြီး ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနဲ့ ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေတွေနဲ့အညီ ကြီးကြပ်ကာ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ဘက်က ဒီလိုညစ်ညမ်းတဲ့ ရုပ်သံတွေနဲ့ပတ်သက်ပြီးတော့ ရိုက်ကူးထုတ်လွှင့်နေသူတွေကို တည်ဆဲဥပဒေအတိုင်း အရေးယူဆောင်ရွက်နေပါတယ်။ ရှေ့မှာလည်း သီချင်းတစ်ပုဒ်ကို အရေးယူထားပါတယ်။ အခုထပ်ပြီး ရိုက်ကူးတင်ဆက်နေတာတွေ ရှိလာလို့ တည်ဆဲဥပဒေအတိုင်း အရေးယူဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ အဖွဲ့တွေအလိုက် အပြင် အစည်းအရုံးတွေကလည်း လိုအပ်သလို ဒီကိစ္စရပ်တွေ မဖြစ်ပေါ်လာစေဖို့ ထိန်းကျောင်းတည့်မတ်ပေးဖို့ အသိပေးကြေညာထားတာလည်း ကြာပါပြီ ”လို့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက MT Entertainment ပြောပါတယ်။

လက်ရှိအချိန်မှာ တေးသီချင်း ဗီဒီယို ရိုက်ကူးထုတ်လွှင့်သူတွေက ထင်ပေါ်ကျော်ကြားမှု ရရှိစေဖို့အတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူ ကြည့်ရှူနိုင်ဖို့ မသင့်လျော်သလို ဟီရိဩတ္တပ္ပတရားကင်းမဲ့တဲ့ တေးသီချင်း ဗီဒီယိုတွေကို Facebook Page တွေမှာ ရိုက်ကူးထုတ်လွှင့်နေကြတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။ အဆိုပါရိုက်ကူးမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက် နှစ်ဦးပိုင်ကတည်းက ကြေညာ ချက်ထည့်ထားသလို လက်ရှိကာလမှာ ဆက်တိုက်ဆိုသလို ကြေညာချက်တွေ ထည့်သွင်းထားတာလည်းတွေ့ရပါတယ်။

ဒါပေမယ့်လည်း လူမှုကွန်ရက်စာမျက်နှာ Facebook Page တွေ အပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်ပြီး ညစ်ညမ်းတဲ့ အပြောအဆို၊ အပြုအမူတွေပါဝင်တဲ့ ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုတွေနဲ့ ပတ်သက်ပြီးတော့ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူတွေကိုပါ တည်ဆဲဥပဒေများနဲ့ အညီ အရေးယူဆောင် ရွက်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဒါရိုက်တာ ရွှေလအောင်မင်းရိုက်ကူးထားတဲ့ “ဘီယာဗိုက်” Music Video တေးသီချင်းမှာ အရှက် သိက္ခာကင်းမဲ့စွာ သီဆိုသူပါဝင်ကြသူ အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနဲ့ တခြားသက်ဆိုင်သူတွေကိုလည်း ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းမှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ-၃၃(က) နဲ့ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *