၁၈.၁၁.၂၀၂၆
Written By Thandar
ကြည်နူးစေ ရုပ်ရှင်ထုတ်လုပ်ရေးက အချစ်ဒရာမာဇာတ်လမ်းပုံစံ “ခါး”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဦးညီနဲ့က ကျွန်တော် ဟိုအရင်ကတည်းက အရမ်းဆုံချင်တဲ့ ဒါရိုက်တာထဲမှာလည်း ကျွန်တော်ပါတယ်ပေါ့နော်။ ပြီးတော့ ဒါကျွန်တော့်ရဲ့ အစ်ကို ကိုညီထွဋ်ခေါင် ပြီးတော့ ပိုး (ပိုးမမှီသာ) ပါတယ်ပေါ့နော်။ ဒီလိုဇာတ်လမ်းလေးကို သေချာလေးရိုက်ကူးခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့လည်း အများကြီး ဝမ်းသာပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ကာရိုက်တာကိုလည်း အတတ်နိုင်ဆုံး ကျွန်တော်တတ်သလောက်ပညာလေးနဲ့ ကျွန်တော် ကြိုးစားထားပါတယ်။ ပရိသတ်တွေ ရုံတင်ရင်လည်းလာရောက် ကြည့်ရှုအားပေးကြဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်”လို့ အကယ်ဒမီ အေးချမ်းမောင်ကပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း လရောင်ဖြာ၊ ဇာတ်ညွှန်း သက်ဦးမောင်နဲ့ 7 Day ၊ DOP MANO.V NARAYANAN ၊ တွဲဖက်ဒါရိုက်တာ အသေးလေး၊ ဒါရိုက်တာ အကယ်ဒမီ ညွန့်မြန်မာညီညီအောင်က အချစ်ဒရာမာဇာတ်လမ်းပုံစံ ပုံဖော်ထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ အေးချမ်းမောင်၊ ညီထွဋ်ခေါင်၊ ပိုးမမှီသာ၊ အကယ်ဒမီ နေမျိုးအောင်၊ အကယ်ဒမီ မျိုးသန္တာထွန်း၊ မင်းသူ၊ ဇင်မျိုး၊ မိုခမ်း၊ တင်ဇာဝင်းပြည့်နဲ့ အနုပညာရှင်များစွာက ပါဝင်ထားကြပါတယ်။
“ပိုးက ဒီဇာတ်ကားလေးထဲမှာ သုမုဒြာဆိုတဲ့ အမျိုးသမီးလေးက အိမ်တွင်းအကြမ်းဖက်မှုကို ခံစားနေရတဲ့ အမျိုးသမီးလေး တစ်ယောက် နေရာက ပါဝင်ထားပါတယ်။ ဒီအမျိုးသမီးလေးရဲ့စိတ်ထဲမှာ သူ့ရဲ့ လွန်ဆွဲရပုံတွေ၊ စိတ် Emotional အတက်အကျတွေ၊ စိတ်ခွန်အားပြန်တင်ရပုံတွေ၊ ကျော်ဖြတ်သွားပုံတွေကို မုဒြာနေရာကနေ အကောင်းဆုံး ခံစားပြီးတော့ သရုပ်ဆောင်ထားပါတယ်”လို့ သရုပ်ဆောင် ပိုးမမှီသာက ပြောပါတယ်။
“ခါး” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် နိုဝင်ဘာလ၂၀ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#အေးချမ်းမောင် #ပိုးမမှီသာ #AyeChanMaung #PoeMamheThar #ညီထွဋ်ခေါင် #အကယ်ဒမီနေမျိုးအောင် #NyiHtutKhaung #ခါးရုပ်ရှင်ဇာတ်ကား #ကြည်နူးစေရုပ်ရှင်ထုတ်လုပ်ရေး #MTEntertainment









