◾ ၉၄ ထရီလျံကုဗပေနှင့် ၈ ထရီလျံကုဗပေ ထွက်ရှိမည့် သဘာ၀ဓာတ်ငွေ့သိုက်များလည်းတွေ့ရှိထားသဖြင့် ယခုအစိုးရလက်ထက်အတွင်း ထုတ်ယူနိုင်ရန် ကြိုးပမ်းနေသလို ကြိုးစားမှုအားလုံးအောင်မြင်ပါက လျှပ်စစ်ဓာတ်အား လုံလောက်အောင် ဆောင်ရွက်ပေးနိုင်မည်
၁၈.၁၁.၂၀၂၆
Written by NYL
မဂ္ဂါဝပ် ၂၀၀၀ ခန့်ရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် မဂ္ဂါဝပ် ၆၈၀ ခန့်ရှိ သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်ဖြစ်သလို ၉၄ ထရီလျံကုဗပေနှင့် ၈ ထရီလျံကုဗပေ ထွက်ရှိမည့် သဘာ၀ဓာတ်ငွေ့သိုက်များတွေ့ရှိထားကြောင်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က “ကျွန်တော်တို့ ၅ နှစ်အတွင်းမှာ မဂ္ဂါဝပ်အားလုံးပေါင်း ၅၀၀၀ ကျော်လောက်ထုတ်ဖို့ စီမံထားပါတယ်။ ပြီးနိုင်တဲ့အနေအထားက အများစုဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆိုလာလျှပ်စစ်စီမံကိန်း ၂၃၅၆ မဂ္ဂါဝပ် ရှိပါတယ်။ ရေအားလျှပ်စစ်စီမံကိန်း ၅၀၇ မဂ္ဂါဝပ်ရှိပါတယ်။ လေအားလျှပ်စစ်စီမံကိန်း ၃၀၀ မဂ္ဂါဝပ်ရှိပါတယ်။ နောက် နှစ် ၂၀ လောက်အထိ သုံးဖို့ရည်မှန်းပြီး ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ မဂ္ဂါဝပ် ၂၀၀၀ လောက်ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခါ မဂ္ဂါဝပ် ၆၈၀ လောက်ရှိတဲ့ ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့အတွက် စီမံနေကြောင်း အသိပေးလိုပါတယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထိုသို့ တည်ဆောက်ရာတွင် ရန်ကုန်မြို့နှင့် အောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အား အခက်အခဲများဖြစ်နေခြင်းကြောင့် ရန်ကုန်မြို့ပတ်ဝန်းကျင်တွင် အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်သွားရန် စီမံနေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
“ရန်ကုန်နဲ့ အောက်ပိုင်းဆိုရင် လျှပ်စစ်ဓာတ်အား အခက်အခဲတော်တော်လေးကြပ်ပါတယ်။ ဖြစ်တဲ့အတွက်ကြောင့် ရန်ကုန်မြို့ပတ်ဝန်းကျင်မှာပဲ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လို့ရတဲ့ လျှပ်စစ်ဓာတ်အား၊ ဂက်စ်နဲ့ထုတ်လို့ရတဲ့ လျှပ်စစ်ဓာတ်အား၊ ကျောက်မီးသွေးနဲ့ ထုတ်လို့ရတဲ့ လျှပ်စစ်ဓာတ်အား စက်ရုံတွေဆောက်ပေးဖို့ ကျွန်တော်တို့ စီမံနေပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် နေကိုအသုံးချပြီး ဆိုလာမီးကိုသုံးကြရန် တွန်အားပေးနေမည်ဖြစ်ပြီး ဘဏ္ဍာငွေအခက်အခဲရှိသည့်အတွက်ကြောင့် အပြည့်အဝမလုပ်နိုင်သေးကြောင်း၊ ဆိုလာလျှပ်စစ်ဓာတ်အားလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံနိုင်သည့် တိုင်းရင်းသားလုပ်ငန်းရှင်များ ရှိပါက ကြိုဆိုပါကြောင်း၊ လက်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် ဂက်စ်အပြည့်မရသည့်အတွက်ကြောင့် ဂက်စ်အပြည့်ရဖို့အတွက် မိမိတို့လုပ်ဆောင်နေကြောင်း၊ စက်ရုံများ၏ စွမ်းအားကျသည့်အတွက်ကြောင့်လည်း အဆိုပါစက်ရုံများကို ပြန်ပြီးမြှင့်တင်ရန်လုပ်ဆောင်နေကြောင်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၏ အနောက်တောင်ဖက်တွင် ၈ ဒသမ ၄ ထရီလျံ ကုဗပေရှိသည့် A-6 ဓာတ်ငွေ့သိုက်နှင့် ထားဝယ်မြို့နှင့် မြိတ်မြို့၏ အနောက်ဖက်နှင့် မြန်မာ့ကမ်းလွန်နားတွင် ၉၄ ဒသမ ၆ ထရီလျံ ကုဗပေရှိသည့် M-15 ဓာတ်ငွေ့သိုက်တို့တွေ့ရှိထားပြီး M-15 သည် ကမ္ဘာပေါ်ရှိ ကြီးမားသည့်ဓာတ်ငွေ့သိုက်များထဲတွင် တစ်ခုအဖြစ်ပါဝင်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။
“အလားတူစွာပဲ မြန်မာနိုင်ငံရဲ့ ကံလို့ပဲ ပြောရမှာပေါ့။ ကျွန်တော်တို့ ဧရာဝတီတိုင်းရဲ့ အနောက်တောင်ဖက်မှာ A-6 ဆိုတဲ့ လုပ်ကွက်တစ်ကွက်ရှိပါတယ်။ အဲဒီမှာ ၈ ဒသမ ၄ ထရီလျံ ကုဗပေရှိတဲ့ ဓာတ်ငွေ့သိုက် ကျွန်တော်တို့တွေ့ပါတယ်။ နောက်တစ်ခါ M-15 ကတော့ ထားဝယ်နဲ့ မြိတ်ရဲ့ အနောက်ဖက်ခြမ်းလောက်မှာရှိပါတယ်။ မြန်မာ့ကမ်းလွန်နားမှာရှိပါတယ်။ အဲဒီမှာတော့ ဂက်စ် ၉၄ ဒသမ ၆ ထရီလျံ ကုဗပေရှိတဲ့ ဓာတ်ငွေ့သိုက် ကျွန်တော်တို့တွေ့ထားပါပြီ။ ၉၄ ဒသမ ၆ ထရီလျံ ကုဗပေရှိတဲ့ ဓာတ်ငွေ့သိုက်ဟာ ကမ္ဘာမှာ ကြီးမားတဲ့ဓာတ်ငွေ့သိုက်တစ်ခုထဲမှာ ပါပါတယ်။ ၂၀၂၈ လောက်မှာ ထုတ်နိုင်အောင်လို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့အစိုးရလက်ထက်မှာ ထုတ်နိုင်မယ်လို့ ယူဆပါတယ်။ ဒါကို ကျွန်တော်တို့လည်း ကြိုးစားနေပါတယ်။ ဒါတွေဟာ အောင်မြင်မယ်ဆိုလို့ရှိရင် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်” ဟု နိုင်ငံတော် သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများကလည်း မိမိတို့နယ်မြေအတွင်းမှာရှိသည့် ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားပေးစနစ်တို့နှင့် ပတ်သက်၍ လိုအပ်သည့် အကြံဉာဏ်များပေးပြီး ဆောင်ရွက်နိုင်ကြရန်လည်း တိုက်တွန်းလိုကြောင်း နိုင်ငံတော်သမ္မတက ထပ်မံပြောကြားခဲ့ကြောင်း သိရသည်။


