၁၈.၁၁.၂၀၂၆
Translated by Htwe Ko Tun
အီရန်နိုင်ငံ၏ ညွှန်ကြားချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်နှင့် အခြားထင်ရှားသော နိုင်ငံရေးသမားများကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သည့် ပါကစ္စတန်နိုင်ငံသားတစ်ဦးကို အမေရိကန်တရားရုံးက ထောင်ဒဏ် ၂၇ နှစ်ကျော် ချမှတ်လိုက်ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် ခရိုင်တရားသူကြီး အီရစ် ကိုမီတီက “အမေရိကန်သမ္မတ သို့မဟုတ် အခြားအစိုးရ အဆင့်မြင့်အရာရှိတစ်ဦးကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခြင်းထက် ပိုမိုလေးနက်ပြင်းထန်သည့် စွပ်စွဲချက်မျိုး မရှိသလောက်ပင် ဖြစ်သည်” ဟု ပြစ်ဒဏ်ချမှတ်စဉ် ပြောကြားခဲ့သည်။
အသက် ၄၈ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသားအား “နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှု ကျူးလွန်ရန် ကြိုးပမ်းခြင်းနှင့် ငွေကြေးပေးအပ်၍ လူသတ်မှု ကျူးလွန်ရန် ကြံစည်ခြင်း”တို့အတွက် ထောင်ဒဏ် လပေါင်း ၃၃၀ (၂၇ နှစ်နှင့် ၆ လ) ချမှတ်ခဲ့ကြောင်း အမေရိကန် တရားရေးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

အမေရိကန် ဂျူရီလူကြီးအဖွဲ့က ၎င်းအမျိုးသားသည် အမေရိကန်မြေပေါ်တွင် နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ရန်အတွက် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားရောက်ခဲ့ခြင်းစွဲချက်ဖြင့် မတ်လကတည်းက တရားစွဲခဲ့သည်။
ဤတရားစီရင်ရေး လုပ်ငန်းစဉ်သည် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်သည် ထရမ့်ပ် အစိုးရအဖွဲ့က အစ္စရေးနိုင်ငံနှင့် ပူးပေါင်းကာ အီရန်နိုင်ငံကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည့် ကာလနှင့် နီးကပ်နေသည်။ ထိုပဋိပက္ခများကြောင့် အီရန်၊ လက်ဘနွန်နှင့် ယီမင်နိုင်ငံများအပြင် ပါရှန်ပင်လယ်ကွေ့ ဝန်းကျင်ရှိ နိုင်ငံများတွင်ပါ လူပေါင်း ထောင်နှင့်ချီ သေဆုံးခဲ့ရသည်။
လက်ရှိအချိန်အထိလည်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် အီရန်စစ်ဘက်ဆိုင်ရာ တပ်မှူး ကွတ်ဆင် ဆိုလေမာနီကို အမေရိကန်က သတ်ဖြတ်ခဲ့သည့်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် ထရမ့်ပ်နှင့် အခြားအမေရိကန် နိုင်ငံရေးသမားများကို လုပ်ကြံသတ်ဖြတ်ရန် အစီအစဉ်တစ်ခုအတွက် အမေရိကန်ပြည်ထောင်စုအတွင်း လူများကို စုဆောင်းရန် ပြစ်မှုကျူးလွန်သူက ကြိုးပမ်းခဲ့ကြောင်း တရားလိုရှေ့နေများက ပြောကြားခဲ့သည်။
ထိုအချိန်က ဒေါ်နယ်ဒ် ထရမ့်ပ်သည် အမေရိကန်သမ္မတအဖြစ် ပထမသက်တမ်းကို တာဝန်ထမ်းဆောင်နေချိန် ဖြစ်သည်။
၂၀၂၄ ခုနှစ်က ကြံစည်မှုတွင် ပစ်မှတ်ထားခံရသူများထဲ၌ ထိုစဉ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအမည်စာရင်းတင်သွင်းခံရရေးအတွက် ထရမ့်ပ်နှင့် ယှဉ်ပြိုင်ခဲ့သူ နစ်ကီဟေလီတို့လည်း ပါဝင်ကြောင်း တရားလိုရှေ့နေများက ပြောကြားသည်။
ပြစ်မှုထင်ရှားသူ အမျိုးသားကို ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် တက္ကဆက်ပြည်နယ်၌ ဖမ်းဆီးခဲ့သည်။ ၎င်းကို ဖမ်းဆီးသည့်အချိန်မှာ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာ (Butler) မြို့၌ ထရမ့်အား လုပ်ကြံရန် ကြိုးပမ်းမှုတစ်ခု (ယခုအမှုနှင့် သီးခြားဖြစ်ရပ်တစ်ခု) မဖြစ်ပွားမီ တစ်ရက်အလိုတွင် ဖြစ်သည်။
Ref: AP
