သက်တံ့
၁၇. ၁၁. ၂၀၂၆
ဆာဘီးယား၏ မြို့တော်ဘဲလ်ဂရိတ် (Belgrade) အနောက်မြောက်ဘက်ရှိ လယ်ကွင်းတစ်ခုထဲသို့ အင်္ဂါနေ့ (နိုဝင်ဘာ ၁၇ ရက်) က ဆာဘီးယား လေတပ်မှ MiG-29 တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူး သေဆုံးသွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားလိုက်ပြီး အာဏာပိုင်များက အဆိုပါ မတော်တဆမှုကို စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မြို့တော်မှ ကီလိုမီတာ ၅၀ (၃၁ မိုင်) ခန့်အကွာ နိုဗာ ပါဇိုဗာ (Nova Pazova) နှင့် စတာရာ ပါဇိုဗာ (Stara Pazova) မြို့နှစ်မြို့ကြားသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်လေယာဉ်သည် ဘဲလ်ဂရိတ်မြို့အနီး ဘာတိုင်နီကာ (Batajnica) လေတပ်အခြေစိုက်စခန်းတွင် အခြေစိုက်သည့် အမှတ် (၂၀၄) လေကြောင်းတပ်မဟာပိုင် ဖြစ်ကြောင်း ဆာဘီးယား အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်ဌာန RTS က သတင်းဖော်ပြသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သေဆုံးသွားသည့် လေယာဉ်မှူးမှာ အသက် ၅၃ နှစ်အရွယ် ဗိုလ်မှူး ဂိုရန် ဘူလာဂျစ် (Maj. Goran Bulajic) ဖြစ်ပြီး ၎င်းတွင် သားသမီး နှစ်ဦး ကျန်ရစ်ခဲ့သည်။
လေယာဉ်ပျက်ကျမှု ဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ် ဆေးဘက်ဆိုင်ရာအဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့က အခင်းဖြစ်ပွားရာသို့ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြသည်။
ဆာဘီးယား သတင်းဌာနများက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် လေယာဉ်အပျက်အစီးများ မီးတောက်မီးလျှံများဖြင့် လောင်ကျွမ်းနေပြီး လယ်ကွင်းအထက်တွင် မီးခိုးမည်းလုံးကြီးများ တလိပ်လိပ် တက်နေသည်ကို တွေ့ရသည်။
လေယာဉ်မပျက်ကျမီ အချိန်အနည်းငယ်အလိုတွင် ပုံမှန်မဟုတ်ဘဲ အလွန်ကျယ်လောင်သည့် အသံကြီးတစ်ခုကို ကြားလိုက်ရကြောင်း ဒေသခံပြည်သူများက ဆာဘီးယား မီဒီယာများသို့ ပြောကြားသည်။ မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးကလည်း ဘာဖြစ်နေသည်ကို ကြည့်ရှုရန် ဝရန်တာသို့ အပြေးအလွှား ထွက်မကြည့်မီ လေယာဉ်သည် အလွန်နိမ့်သော အမြင့်ပေမှ ပျံသန်းနေသည်ကို မြင်တွေ့လိုက်ရကြောင်း ပြန်လည်ပြောပြသည်။
လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးရန် ကာကွယ်ရေးဝန်ကြီးဌာနက အထူးကော်မရှင်တစ်ရပ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သလို ဆားဘီးယား လေတပ်မှ သီးခြားအဖွဲ့တစ်ဖွဲ့ကလည်း ပျက်ကျရသည့် အကြောင်းရင်းကို ဖော်ထုတ်ရန် တာဝန်ယူဆောင်ရွက်လျက် ရှိသည်။
တိုက်လေယာဉ် ပျက်ကျရသည့် အကြောင်းရင်း အတိအကျကိုမူ အာဏာပိုင်များက အတည်ပြုနိုင်ခြင်း မရှိသေးပေ။
Ref: turkiyetoday
