MT News
၁၇. ၁၁. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ Naypyitaw State Academy ၌ ကျင်းပသည့် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့မှ ပညာရေးဘွဲ့ (၅) နှစ်သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ ဩဝါဒခံယူပွဲအခမ်းအနားတွင် နိုင်ငံ့အနာဂတ်အတွက် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး၊ ကျောင်းသားဗဟိုပြုသင်ကြားရေးနှင့် ခေတ်မီနည်းပညာများ အသုံးချရေး၊ ဆရာ့ကျင့်ဝတ်နှင့် တာဝန်ယူမှုမြှင့်တင်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဘတ်ဂျက်၏ ၉ ဒသမ ၂၂ ရာခိုင်နှုန်း သုံးစွဲရန် စီစဉ်ထားပြီး ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ၁၅ ရာခိုင်နှုန်းနှင့် အစိုးရ၏ ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်မှန်းထားကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ပြင် အခြေခံပညာကျောင်းများ စံကိုက်ကျောင်းများအဖြစ် အဆင့်မြှင့်တင်ရေး၊ KG+9 မသင်မနေရပညာရေး အကောင်အထည်ဖော်ရေး၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာရေးတိုးချဲ့ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း အသိပေးပြောကြားခဲ့သည်။





အလားတူ ဆရာ၊ ဆရာမများအနေဖြင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု စဉ်ဆက်မပြတ်မြှင့်တင်ရေး၊ ကျောင်းသားဗဟိုပြုသင်ကြားရေး၊ ဆရာ့ကျင့်ဝတ်ထိန်းသိမ်းရေး၊ လုပ်ငန်းခွင်ပူးပေါင်းဆောင်ရွက်ရေးနှင့် ဥပဒေစည်းမျဉ်းစည်းကမ်းများ လိုက်နာရေးဟူသည့် အချက်ငါးချက်ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့အပြင် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာ (AI) တို့ကို သင်ကြားရေးတွင် သင့်လျော်စွာအသုံးချပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာ၊ အတတ်ပညာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ကိုယ်ကျင့်တရားပြည့်ဝသည့် နိုင်ငံသားကောင်းများအဖြစ် ပြုစုပျိုးထောင်ပေးကြရန်လည်း တိုက်တွန်းခဲ့သည်။
အထက်ပါမှာကြားမှုများအပြင် ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရ၊ ဆရာ၊ ဆရာမ၊ မိဘပြည်သူနှင့် လူမှုအဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်ဖြစ်ကြောင်းနှင့် သင်တန်းဆင်းဆရာ၊ ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသများတွင် စေတနာ၊ ဝါသနာ၊ အရည်အချင်းတို့ဖြင့် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ကို ပုံဖော်ပေးကြရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ကြောင်းလည်း သိရသည်။
