၂၅. ၄. ၂၀၂၄
Written by Ye Kyaw

သင်္ကြန်ကာလအပြီး ပြည်တွင်း၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်ခဲ့သည့်အပြင် နယ်စပ်တိုက်ပွဲများကြောင့် ပြည်ပမှတင်သွင်းနေရသည့် အချို့သောကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစားများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်

သင်္ကြန်ကာလအပြီးတွင် ပြည်တွင်း၌ အခြေခံလူတန်းစားများ အဓိကစားသုံးသည့် တောင်ပျံရှယ်ဆန် တစ်အိတ် ကျပ် ၁၄၀,၀၀၀ ကျော်၊ ကျားပျံရှယ်ဆန် တစ်အိတ် ကျပ် ၁၅၀,၀၀၀ ကျော်၊ မဂျမ်းတောဆန် တစ်အိတ် ကျပ် ၁၆၀,၀၀၀ ဝန်းကျင် စသည့်ဖြင့် ကြမ်းချောဆန်အမျိုးစားများသည် တစ်လအတွင်း တစ်အိတ် ကျပ် ၁၀,၀၀၀ ဝန်းကျင်မြင့်တက်ခဲ့ပြီး ပေါ်ဆန်းဆန်များမှာမူ ယခင်အမြင့်ဈေးနှုန်းအတိုင်း တည်ငြိမ်နေကာ ပေါ်ဆန်းဆန် အမျိုးအစားအပေါ်မူတည်၍ တစ်အိတ် ကျပ် ၁၈၀,၀၀၀ ကျော်အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့တစ်လလောက်က ဆန်ကြမ်းဈေးက တစ်ပြည် ၄၀၀၀ ကျော်ကနေ ၅၀၀၀ ကျော်ဖြစ်နေတာ။ သင်္ကြန်မတိုင်ခင်ထက်တော့ နည်းနည်းပဲတက်တယ်။ ဆန်ဈေးကတော့ ပေါ်ဆန်းအချောက မတက်ဘူး။ သူတက်ထားတဲ့အတိုင်း တက်လည်းမတက်ဘူး။ ကျလည်းမကျဘူး။ အဓိကတော့ ဆန်ကြမ်းဈေးဘက်မှာတော့ နည်းနည်းတက်တယ်” ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထို့အပြင် စားအုန်းဆီဈေးနှုန်းမှာလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်း ဧပြီလဆန်းပိုင်းတွင် တစ်ပိဿာ ကျပ် ၅၂၀၀ မှ သင်္ကြမတိုင်မီကာလတွင် ကျပ် ၅၅၀၀ ခန့်အထိ မြင့်တက်ခဲ့ပြီး သင်္ကြန်ပြီးကာလတွင် ကျပ် ၅၃၄၀ ဖြစ်ပေါ်ခဲ့၍ သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာ ကျပ် ၂၀၀ ဝန်းကျင်မြင့်တက်ခဲ့သော်လည်း ပြည်ပဈေးကွက်တွင်မူ တစ်ပိဿာ ကျပ် ၇၀၀၀ ဝန်းကျင်မှ ကျပ် ၈၀၀၀ ကျော်အထိ မြင့်တက်နေသည်။

“ကုန်ဈေးနှုန်းတက်တာက အကုန်တက်တာ။ အခုဆို ထိုင်းကလာတဲ့ ပစ္စည်းဆိုပိုဆိုးတယ်။ ဘာမှမဟုတ်တဲ့ ခနောကြက်သားမှုန့်တောင် ဈေးတက်ရင်တက်။ ဝယ်မယ်ဆိုတာတောင် ဝယ်မရဘဲ သင်္ကြန်ပြီးကတည်းက ပစ္စည်းပြတ်နေတာ။ စားသုံးဆီဆိုလည်း အရင်က Super Market နဲ့ Mini Mark တွေမှာ တံဆိပ်မျိုးစုံ။ အခုဆို ပစ္စည်းပြတ်နေလို့ ရှိတာဆွဲဝယ်ရတာဆိုတော့ အခြားဟာတွေကတော့ ပြောမနေနဲ့ အကုန်တက်တာ” ဟု သင်္ဃန်းကျွန်းမြို့နယ်နေထိုင်သူတစ်ဦးက ပြော သည်။

ထို့ပြင် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး မြဝတီမြို့တွင် တိုက်ပွဲများဖြစ်ခဲ့ခြင်းကြောင့် ကုန်သွယ်မှုရပ်ဆိုင်းခဲ့ရပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှ တင်သွင်းနေသည့် အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းလည်း ဈေးနှုန်းမြင့်တက်လျက်ရှိသည့်အပြင် ပြည်တွင်း၌ ထုတ်လုပ်နေ၍ ပြည်တွင်း/ပြည်ပ ဈေးကွက်နှစ်ခုလုံးမှ ဝယ်ယူနိုင်သည့် ဘိလပ်မြေမှာလည်း ယခင်အမြင့်ဈေးထက်ပင် တစ်အိတ်ကို ကျပ် ၆၀၀၀ ဝန်းကျင်အထိ ခုန်တက်သွားကြောင်း သိရသည်။

“ဆောက်လုပ်ရေးပစ္စည်းဆို အကုန်တက်တာ။ ဘိလပ်မြေဆို တစ်ပတ်ထဲမှာတောင် သုံး၊ လေးထောင်လောက် တက်သွားတာ။ အခုဆို တစ်အိတ်ကို ၁၇,၀၀၀ ကျော်ရှိတယ်။ အရင် ၁၁,၀၀၀ ကနေ ခုန်တက်သွားတာ။ အပြင်က မရရင်တောင် ပြည်တွင်းမှာထုတ်တာရှိသေးတော့ ဘိလပ်မြေဆို အရင်က သိပ်မတက်ဘူး။ အခုက ဘိလပ်မြေထုတ်တဲ့ အချို့နေရာတွေကလည်း တိုက်ပွဲတွေနဲ့ဆိုတော့ သယ်လို့မရတာတွေ ဘာတွေနဲ့ လိုက်တက်တာ။ ဆောက်လုပ်ရေးမှာဆို အခြေခံပေါ့။ လျှပ်စစ်မီးပစ္စည်းတွေဆိုလည်း တက်နေတာပါပဲ။ အိမ်တစ်အိမ်ဆောက်မယ်ဆို အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေပဲလေ။ ဆေးမသုတ်ဘဲ ထားထားလို့ရတယ်။ ဘိလပ်မြေတို့ သဲ၊ ကျောက်တွေက မရှိမဖြစ်လေ။ အခုက ကိုယ့်နိုင်ငံထဲမှာပဲ မြစ်ထဲကစုပ်ယူတဲ့ သဲ၊ ကျောက်တောင် ဆီဈေးတက်တော့ ဈေးတက်နေတာ။ အခုကုန်ဈေးနှုန်းနဲ့ဆို အလုပ်သမားဈေးကလည်း လိုက်မြှင့်ပေးရမှာ။ အခုတောင် ဘာမှမလုပ်တက်ရင်တောင် တစ်သောင်းကျော်ပေးရတာ။ အဲဒီထက် တက်ဖို့ပဲရှိတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

လျှပ်စစ်မီးပြတ်တောက်ချိန် များနေသည့် လက်ရှိအချိန်တွင် ဘတ္ထရီလုပ်ငန်းများနှင့် အင်တာနက်အသုံးပြုရန် Wifi UPS များ ဝယ်လိုအားများနေသော်လည်း အဓိကဘတ္ထရီမှာယူသည့် တရုတ်နှင့် ထိုင်းနိုင်ငံ နယ်စပ်များတွင် မတည်ငြိမ်မှုများကြောင့် လိုအပ်သည့်ပမာဏမရရှိဘဲ ဈေးနှုန်းများလည်း မြင့်တက်နေခြင်းဖြစ်သည်။

“ဒီရက်ပိုင်း မီးပြတ်တာများတော့ Wifi UPS တွေ ပိုရောင်းရတယ်။ လုပ်ရင်လုပ်သလောက်ကုန်တယ်။ ဒါပေမဲ့ ပစ္စည်းလိုအပ်သလောက် မရတာရယ်၊ ရရင်လည်း ဈေးတက်နေတာတွေကြောင့် ရောင်းအားကောင်းချိန်မှာ မရောင်းနိုင်ဖြစ်နေတာ။ ဝယ်သူက ဈေးတက်ရင်တောင် ဝယ်မယ်ဆိုတာကို အခက်အခဲဖြစ်နေတာ။ အခုတော့ ကျွန်တော်တို့က ကိုယ်တိုင်လုပ်တော့ တစ်ခုကို ထောင်ဂဏန်းလောက်တော့ ဈေးတက်တယ်” ဟု တောင်ဒဂုံမြို့နယ်ရှိ Wifi UPS တပ်ဆင်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News