၂၅.၄.၂၀၂၄
Written By Thandar

ဂန္ထဝင်တေးသံရှင် စည်သူတင်တင်မြရဲ့ အသက် ၈၈ နှစ်ပြည့် မွေးနေ့မင်္ဂလာကို ယနေ့ ဧပြီ ၂၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် မဟာစည်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

“အမေရဲ့ မွေးနေ့ မနှစ်ကတော့ ဂီတသက်တမ်း ၇၅ နှစ်ပြည့်တာရော၊ အန်တီမြရဲ့မွေးနေ့လည်း ကျရောက်တာမို့ ကြီးကြီးကျယ်ကျယ်လုပ်ပြီးပြီမို့ ဒီနှစ်ကတော့ ဘုန်းဘုန်းတွေရဲ့ကျောင်းမှာ သာသနာရေး ဆောင်ရွက်နိုင်ဖို့ သိသိသာသာအကျိုးသက်ရောက်မှုရအောင် ဆရာတော်ကျောင်းမှာ လှူဖြစ်တာပါ။ အန်တီမြ အသက် ၈၈ နှစ်ပြည့်ကို သွားသွားလာလာ ကျန်းကျန်းမာမာပေါ့ နေနိုင်တယ်။ အရမ်းကျန်းမာတာတော့ မဟုတ်ပါဘူး။ ဒီလောက်လှူနိုင်လို့ အရမ်းဝမ်းသာတယ်။ အနုပညာကြောင့် အမေ ခုထိအသက်ရှည်နေသလို တူသားဖြစ်သူက ပြုစုတာကြောင့်လည်း ပါပါတယ်။ အန်တီမြမှာ သားသမီးလည်း မရှိတော့လေ။ အန်တီမြအတွက် အသက် ၈၈ နှစ်ပြည့်အနေနဲ့ အလှူအတန်းလေး လုပ်ဖြစ်တာပါ။ အန်တီမြအနေနဲ့ မွေးနေ့မှာ အလှူအတန်းလုပ်ရင်း ဖြတ်သန်းရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်” လို့ တေးသံရှင် စည်သူတင်တင်မြက MT Entertainment ကို ပြောပါတယ်။

အဆိုပါအခမ်းအနားမှာ ဆရာတော် သံဃာတော်တွေက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး မွေးနေ့ရှင်ရဲ့ ကုသိုလ်ပြုလုပ်ရခြင်းပတ်သက်လို့ တရားဘာဝနာဟောကြားကာ ရေစက်သွန်းချလှူဒါန်းခဲ့ပါတယ်။ ဒ့ါအပြင် ကျောင်းရှိဆရာတော်သံဃာ တော်တွေကို ဆွမ်းကပ်လှူခြင်းနဲ့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

ဂန္ထဝင်တေးသံရှင် စည်သူတင်တင်မြ မွေးနေ့အထိမ်းအနေနဲ့ ရွှေတိဂုံစေတီတော်အတွက် ကျပ် ၁၀ သိန်း၊ ဓမ္မဝိဟာရ ဝိမဟာရတိ ကျောင်းပြုပြုင်ရန်အတွက် ကျပ် ၅ သိန်း၊ လှည်းကူးမဟာဝိဟာရကျောင်းတော် ရေတွင်းရေကန် တူးဖော်ဆောက်လုပ်ရန် ကျပ် ၉ သိန်း၊ အဆိုပါကျောင်း အုတ်တံတိုင်းဆောက်လုပ်ဖို့ ကျပ် ၁၆ သိန်း၊ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ရှိ သံဃာတော်တွေ ဆွမ်းကပ်လှူဒါန်းဖို့ ကျပ်သိန်း ၃၀၊ ဇောတိက သင်္ကန်း ၅ စုံအတွက် ကျပ် ၄သိန်းကျော်၊ ပင့်သံဃာတော် ၅ ပါးအတွက် ကျပ် ၁၅၀၀၀၀ စတာတွေကို လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

သူမက ဓမ္မပူစာတေးအနေနဲ့ သမ္ဗုဒ္ဓေစီးရီး စတင်ထုတ်လုပ်ခဲ့သူလည်းဖြစ်ပြီး မဟာဂီတသီချင်းကြီး၊ သီချင်းခန့်၊ ရုပ်ရှင်တေးသီချင်းတွေ ဂန္ထဝင်တေးသီချင်းဓာတ်ပြားပေါင်းများစွာ သီဆိုထုတ်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *