◼️ မြန်မာနိုင်ငံတွင်လည်း အပူချိန် ၄၅ ဒသမ ၉ ဒီဂရီ ဆယ်လ်စီးယပ်စ်အထိ မြင့်တက်

၂၅.၄.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံအစိုးရက ၂၀၂၄ ခုနှစ်၌ နိုင်ငံအတွင်း အပူလှိုင်းဖြတ်သန်းမှုကြောင့် သေဆုံးရသူ ၃၀ ဦးအထိရှိ သွားပြီဖြစ်ကြောင်း အလွန်ပူပြင်းသော ရာသီဥတုနှင့်ပတ်သက်၍ သတိပေးချက်များကို ဧပြီလ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့အာဏာပိုင်များကလည်း မြို့အတွင်း အပူချိန်အလွန် မြင့်တက်လာနေရာ ၅၂ ဒီဂရီ ဆယ်လ်စီးယပ်အထိရောက်ရှိလာနိုင်ကြောင်း သတိပေးခဲ့ကြသည်။

ဧပြီလ ၂၄ ရက်က ဘန်ကောက်မြို့အပူချိန်က ၄၀ ဒသမ ၁ ဒီဂရီ ဆယ်လ်စီးယပ်စ်ရှိခဲ့ပြီး ဧပြီလ ၂၅ ရက်တွင်လည်း အလားတူခန့်ပင်ရှိမည်ဟု ခန့်မှန်းထားသည်။ ယခုရက်သတ္တပတ်အတွင်းတွင် တောင်အာရှနှင့် အရှေ့တောင်အာရှတို့၌ အထူးသဖြင့် အပူချိန်များမြင့်တက်လာခဲ့ရာ ဖိလစ်ပိုင်တွင် အပူလွန်ကဲမှုကြောင့် ကျောင်းများပိတ်ထားရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း မိုးရွာရန်အတွက် ဗလီများ၌ ဆုတောင်းနေကြရသည်။

ဘန်ကောက်မြို့၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကလည်း မြို့၏အပူချိန်က အလွန်အမင်း အန္တရာယ်ရှိသည့်အဆင့်သို့ရောက်လာခဲ့ကြောင်း ပြောခဲ့သည်။ နိုင်ငံအရှေ့မြောက်ပိုင်း ယူဒုန်သာနီပြည်နယ်တွင်လည်း ဧပြီလ ၂၅ ရက်၌ အပူချိန်များမြင့်တက်လာနိုင်မှုအတွက် သတိပေးခဲ့သည်။

ထိုင်းအစိုးရကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွင်း ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၁၇ ရက်အထိ အပူလှိုင်းဖြတ်သန်းမှုကြောင့် သေဆုံးသူ ၃၀ ဦး ရှိသွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ တာဝန်ရှိသူများက သက်ကြီးရွယ်အိုများနှင့် အဝလွန်သူများအပါအဝင် ဆေးဝါးပုံမှန်မှီဝဲနေရသူများကို အိမ်များအတွင်းသာနေထိုင်ကြရန်နှင့် ရေကိုပုံမှန်သောက်သုံးကြရန် တိုက်တွန်းထားသည်။

နယ်စပ်ကိုဖြတ်လျက် အိမ်နီးချင်းမြန်မာနိုင်ငံအတွင်းတွင်လည်း ဧပြီလ ၂၄ ရက်က အပူချိန် ၄၅ ဒသမ ၉ ဒီဂရီ ဆယ်လ်စီးယပ်စ်အထိ မြင့်တက်ခဲ့ပြီး ဧပြီလ ၂၅ ရက်တွင်လည်း အလားတူခန့်ပင်ရှိမည်ဟု ခန့်မှန်းရသလို ပူပြင်းမှုကြောင့် လဲကျသေဆုံးမှုများလည်း ရှိခဲ့သည်။

Ref . CNA

Leave a Reply

Your email address will not be published. Required fields are marked *