၂၀. ၄. ၂၀၂၄
Translated by Nay Moe

မနေ့က ည ၇ နာရီကျော်အချိန်ကစပြီး မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၂) တံတားအနီးက ခလရ (၂၇၅) က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေက Drone နဲ့ အမှောင်အားပြု စတင်တိုက်ခိုက်တာကြောင့် တစ်ညလုံးနီးပါး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေနဲ့ AEC อาเซียน News သတင်းဌာန ဖော်ပြမှုအရ သိရပါတယ်။

ထိုင်းစံတော်ချိန် ည ၇ နာရီ ၉ မိနစ်ကစ KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲမှုက ထိုင်းဘက်ခြမ်း မဲဆောက်ခရိုင်က CCTV မှတ်တမ်းအရ အလွန်ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိုင်းဘက်နဲ့ ၁ ဒသမ ၅ ကီလိုမီတာပဲကွာဝေးတဲ့အထိ အရမ်းနီးခဲ့တာပါ။ အဲဒီလိုမျိုး ဒရုန်းဗုံးအလုံး ၂၀ လောက်ကို တစ်ညလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ AEC อาเซียน News သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမဲ့ လေကြောင်းကနေ လေယာဥ်နဲ့ တိုက်ခိုက်တယ်ဆိုတာမျိုးကိုတော့ AEC อาเซียน News သတင်းဌာနက ဖော်ပြထားတာ မတွေ့ရပါဘူး။

အဲဒီနောက် တစ်ညလုံးပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကို တာ့ခ်ခရိုင် မဲဆောက်ဘက်ခြမ်းမှာ အဆက်မပြတ်ကြားနေရပြီး ပစ်ခတ်မှုတွေက ထိုင်းဘက်နဲ့ အရမ်းနီးတာကြောင့် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံအဆက်မပြတ်ကြားနေရသလို ထိုင်းဘက်မှာလည်း သောင်ရင်းမြစ်ကမ်းတစ်လျှောက် ရာဂျမူတပ်ရင်းက တပ်စွဲထားသလို ချစ်ကြည်ရေးတံတား အမှတ်(၂) ပိတ်ထားတာကြောင့် သောင်ရင်းမြစ်ကနေ ဖြတ်ကျော်ဝင်ရောက်မလာဖို့လည်း လုံခြုံရေးတိုးမြှင့်ထားတယ်လို့ သိရပါတယ်။

အခုအချိန်အထိ ခလရ (၂၇၅) မကျသေးပေမဲ့လည်း ဒီမနက် ၇ နာရီကျော်မှာတော့ ပစ်ခတ်မှုတွေငြိမ်သွားပြီး မိန်းဂိတ်လည်း ကျသွားသလို KNU နဲ့ PDF တွေကလည်း အထဲဝင်လာပြီး တံတားအနီးမှာ တိုက်ခိုက်ဖို့အသင့်အနေအထားနဲ့ စောင့်ကြည့်နေတယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိမှာတော့ မြဝတီမြို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး မြို့ထဲမှာလည်း အခြေအနေစောင့်ကြည့် ငြိမ်သက်နေတယ်လို့ သိရပါတယ်။

Ref & Movie Credit AEC อาเซียน News

Leave a Reply

Your email address will not be published. Required fields are marked *