၂၀. ၄. ၂၀၂၄
Written by Pan Ei

မကြာသေးမီရက်သတ္တပတ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက် ခိုလှုံခဲ့ကြတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၂၈၅ ဦးကို မြန်မာနိုင်ငံဆီ အခုသီတင်းပတ်အတွင်း ပြန်လည်စေလွှတ်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က သောကြာနေ့ (ဧပြီ ၁၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အစိုးရက မြန်မာနိုင်ငံထဲ ပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ကိုလည်း ပြန်လည်ခေါ်ယူမယ်လို့ ဝန်ကြီးက မြို့တော်နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အဦရဲ့ အစည်းအဝေးခန်းမမှာ မိန့်ခွန်းပြောကြားချိန် ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ တပ်မတော်က စုစုပေါင်း ၂၈၅ ဦးကို ပင်လယ်ရေကြောင်းကနေ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ပေးခဲ့ပြီး သူတို့ကို ပြန်ခေါ်ဖို့ မြန်မာဘက်ကလည်း သဘောတူထားပါတယ်” လို့ ဝန်ကြီးက ပြောကြားခဲ့တာပါ။

ဒါ့အပြင် “သူတို့ကို ဧပြီလ ၂၂ ရက်မှာ သင်္ဘောနဲ့ ပြန်ပို့မှာပါ။ အဲ့ဒီသင်္ဘောနဲ့ပဲ အဲဒီနေရာမှာ ပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၀ ကို ပြန်ခေါ်ပေးမှာပါ” လို့ Hasan က ဆိုပါတယ်။

ဒါပေမဲ့ သင်္ဘောခရီးစဉ်ဟာ မကြာသေးမီက မြန်မာ့တပ်မတော်နဲ့ ရခိုင်သူပုန်တွေကြေား ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာ့ပင်လယ်ပြင်နဲ့ မြန်မာနိုင်ငံ အခြေအနေအပေါ် မူတည်ကြောင်းလည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရခိုင်လက်နက်ကိုင် AA နဲ့ စစ်အစိုးရတပ်တွေအကြား ပဋိပက္ခတွေ ဖြစ်ပွားနေပြီး ပဋိပက္ခပိုမို ပြင်းထန်လာတာနဲ့အမျှ မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံသားတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးမှု ပိုများလာခဲ့ပါတယ်။

သောကြာနေ့ကလည်း အိမ်နီးချင်းနိုင်ငံမြန်မာနိုင်ငံရဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂၄ ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထပ်မံဝင်ရောက်ခဲ့တာကြောင့် နိုင်ငံအတွင်း ဝင်ရောက်ခိုလှုံတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၂၈၅ ဦးရှိလာခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; The Business Standard

Leave a Reply

Your email address will not be published. Required fields are marked *