၂၀. ၄. ၂၀၂၄
Written by KL

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အပိုင်၊ နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၆/၄)နှင့် (၃၃၆/၅) ကြားတွင် ဧပြီလ ၁၉ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က ကိုယ်ပိုင်ယာဥ်တစ်စီး ညာဘက်အရှေ့ ကားဘီးပေါက်၍ တိမ်းမှောက်ခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဥ်မှာ နေပြည်တော်ဘက်မှ မန္တလေးသို့ မောင်းနှင်လာသည့် အမျိုးသား ၄ ဦး အမျိုးသမီး ၃ ဦးလိုက်ပါလာသော Mitsubishi Challenger အမျိုးအစား အဖြူရောင်ယာဥ်မှာ အ​​မြန်လမ်းမိုင်တိုင်အမှတ် (၃၃၆/၄) နှင့် (၃၃၆/၅) ကြားတွင် ကား၏ အရှေ့ညာဘက်ဘီးပေါက်ကာ အရှိန်လွန် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်သည့် စကားအင်းအမြန်လမ်း မီးသတ်စခန်းထံမှ သိရသည်။

“ကားက မန္တလေးက ကားပါ။ အသက် ၄၂ နှစ်အရွယ် ယာဥ်မောင်းတစ်ယောက်ကတော့ ပါးစပ်က သွေးထွက်ဒဏ်ရာရယ်၊ ဦးခေါင်းလည်း ထိခိုက်သွားတဲ့ပုံပါပဲ။ ခြေထောက်မှာလည်း ပွန်းပဲ့ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်”ဟု ကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၁၅ နှစ်မှ အသက် ၁၇ နှစ်အရွယ် လူငယ်များနှင့် အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသမီး ၃ ဦးတွင် ထိခိုက်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။

အမြန်လမ်းယာဥ်တိမ်းမှောက်မှုကို စကားအင်းအမြန်လမ်း မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ ဦးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့​ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *