MT News
၁၉. ၅. ၂၀၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်းရှိ အမျိုးသား အပြစ်ကျဆောင်(၆)နှင့် (၇)တို့၌ ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့်ပတ်သက်၍ တရားမျှတမှုမရှိဟုဆိုကာ အကျဉ်းသားများ ဆူပူသောင်းကျန်းနေသဖြင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများက မိမိအခန်းများသို့ အသာတကြည် ပြန်လည်ဝင်ရောက်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှု မရှိဘဲ ဆက်လက်အော်ဟစ်ဆဲဆိုဆူပူမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် ဆူပူသောင်းကျန်းသည့် အကျဉ်းသားများသည် ၎င်းတို့၏ အိပ်ဆောင်များရှိ ဝန်းတံခါးများကို ဖျက်ဆီးခြင်း၊ CCTV များအား ဖျက်ဆီးခြင်း၊ အကျဉ်းထောင်အတွင်းရှိ စည်းကမ်းထိန်းရုံးသို့သွားရောက် ရန်မူရန်ကြိုးစားလာကြပြီး ဖျက်ဆီးမှုများကို အရှိန်မြှင့် ဆောင်ရွက်လာကြသည်။

ထိုသို့ ဆူပူအကြမ်းဖက်ဖြစ်စဉ်များကြောင့် အခြေအနေကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါ အကျဉ်းထောင်ပတ်လည်၌ လုံခြုံရေးဆောင်ရွက်ထားရှိပြီး ဆူပူသောင်းကျန်းနေသူများအား အကျဉ်းဦးစီးဌာနဝန်ထမ်းများက လူစုခွဲရန် ထပ်မံပြောကြား ဖျောင်းဖျခဲ့သော်လည်း လိုက်နာမှုမရှိဘဲ အိပ်ဆောင်ကွပ်ပျစ်များအား ရိုက်ချိုးထားသည့် သစ်သားချောင်းများ၊ အုတ်နီခဲများ၊ အင်္ဂတေခဲကျိုးများဖြင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများအား ရန်မူတိုက်ခိုက်လာကြသဖြင့် ဆက်လက်ဖျောင်းဖျရန် အခြေအနေမရှိတော့ဘဲ အကျဉ်းဦးစီးဌာနဝန်ထမ်းများက အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး တုတ်/ ဒိုင်းများ အသုံးပြုနှိမ်နင်း ထိန်းသိမ်းခဲ့မှုကြောင့် ညနေ ၅ နာရီခန့်တွင် အခြေအနေအား ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်အရ အကျဉ်းသား ၄ ဦးသေဆုံးကာ အကျဉ်းသား ၈ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် အကျဉ်းသားများအား မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ဖြစ်စဉ်ကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်စိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *