၁၉. ၄.၂၀၂၄
Written by Thettant

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လွှတ်ပေးပြီး ၂၄ နာရီမပြည့်ခင် ဖမ်းဆီးသွားတယ်လို့ ရေးသားနေကြပေမဲ့ ဖမ်းဆီးထားတာမဟုတ်ဘဲ ငြိမ်းချမ်းရေးပူးပေါင်းဆွေးနွေးဖို့ ပြန်ခေါ် ထားတာဖြစ်တယ်လို့ SAC အစိုးရရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကို ပြောပါတယ်။

“သူက KBC မှာ ငြိမ်းချမ်းရေးအကျိုးဆောင်လည်း လုပ်တဲ့သူဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးနိုင်အောင်၊ သူ့ဆီကလည်း အခြေအနေ မေးမြန်းနိုင်အောင် ခေါ်ထားတာဖြစ်ပါတယ်။ ဖမ်းတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးလုပ်ဆောင်တဲ့နေရာမှာ ပူးပေါင်း၊ ဆွေးနွေးဖို့ပါ”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောတဲ့အကြောင်း BBC Burmese က သတင်းဖော်ပြထားပါတယ်။

နိုင်ငံသားအကျဥ်းသားနဲ့ အကျဥ်းသူ ၃၃၀၃ ကို မြန်မာနှစ်ဆန်း ၁ ရက်မှာ လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့အထဲ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်လည်း မြစ်ကြီးနားထောင်ကနေ ပြန်လည်လွတ်မြောက်လာတာပါ။ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ထိုင်းမှာ ဆေးကုသမှုခံယူဖို့ မန္တလေးတံတားဦးလေဆိပ်ကိုရောက်ချိန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှာ ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှုဥပဒေ ၁၇(၁) ၊ အကြမ်းဖက်မှုပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၀၅(က) တွေနဲ့ ၂၀၂၃ ဧပြီ ၇ ရက်မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒေါက်လာခလမ်ဆမ်ဆွန် ဖမ်းဆီးခံရပြီး ထောင် ၆ နှစ်ချအပြီးမှာ လွတ်ငြိမ်းသက်သာ ဒါမှမဟုတ် အမြန်ဆုံးလွှတ်ပေးဖို့ KBC က တောင်းဆိုခဲ့ဖူးပြီး ဖမ်းဆီးခံရပြီးလို့ တစ်နှစ်ခွဲမပြည့်ခင်မှာဘဲ ဒေါက်လာခလမ်ဆန်ဆွန် ပြန်လွတ်လာခဲ့တာဖြစ်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်းသိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ အတွင်းရေးမှူးအဖြစ် ရှစ်နှစ်၊ ဥက္ကဋ္ဌအဖြစ် လေးနှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာလည်း KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းခံထားရသူပါ။

ဒေါက်တာခလမ်ဆမ်ဆွန်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဟောင်းလက်ထက်က ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးဇော်ဝင်းနဲ့ လူမူရေးဝန်ကြီး ဦးနေဝင်းလည်း လွတ်မြောက်လာတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *