၁၉. ၄. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်စေရန်၊ စုစည်းညီညွတ်မှုများဖြစ်စေရန်နှင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးရရှိစေရန်အတွက် ထိုင်းအစိုးရအနေဖြင့် အာဆီယံအဖွဲ့အပြင် အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း ထိုင်းအောက်လွှတ်တော်၏ နိုင်ငံခြားမူဝါဒရေးရာ ကော်မတီဥက္ကဋ္ဌ နော့ပါဒွန် ပက်တာမာက တိုက်တွန်းတောင်းဆိုလိုက်သည်။

ထိုင်း အောက်လွှတ်တော်၏နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌဖြစ်သူသည် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး အချက်လေးချက်ပါသော တိုက်တွန်းတောင်းဆိုချက်ကို ဧပြီ ၁၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီး ထိုတောင်းဆိုချက်များထဲတွင် မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် အာဆီယံသဘောတူညီချက်ငါးချက်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

ထို့အပြင် ထိုင်းအစိုးရနှင့် အာဆီယံအဖွဲ့တို့သည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သက်ရောက်မှုဒဏ်ခံနေရသော မြန်မာပြည်သူများနှင့် အခြားတိုင်းရင်းသားအုပ်စုများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို တန်းတူညီမျှပေးရန် တောင်းဆိုထားသည်။

ထိုင်းအစိုးရ၏ နိုင်ငံခြား အလုပ်သမားရေးရာမူဝါဒများကိုလည်း မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့်အခြေအနေများကို ရည်ညွှန်းစေမည့် မူဝါဒမျိုးသတ်မှတ်ပေးရန်၊ ထိုင်းအစိုးရ၏နိုင်ငံခြားအလုပ်သမား မူဝါဒများထဲတွင် နိုင်ငံခြားအလုပ်သမားအသစ်များ မှတ်ပုံတင်ခွင့်ထပ်မံခွင့်ပြုရေးကို ထည့်သွင်းစဉ်းစားပေးရန် ထိုင်းအောက်လွှတ်တော်၏နိုင်ငံခြားမူဝါဒရေးရာ ကော်မတီက တိုက်တွန်းတောင်းဆိုထားသည်။

ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ဧပြီ ၁၇ ရက်နေ့တွင် အကျဉ်းထောင်မှ နေအိမ်သို့ ရွှေ့ပြောင်းခဲ့ခြင်းအပေါ် လက်ခံကြိုဆိုကြောင်း ၎င်း၏လူမူကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ မြန်မာအစိုးရအနေဖြင့်အပြုသဘောဆောင်သောအဆင့်များကို မကြာမီ ထပ်မံလုပ်ဆောင်မည်ဟုမျှော်လင့်ထားကြောင်း ထိုင်းဝန်ကြီးချုပ်က ၎င်း၏လူမှုကွန်ရက်ဖြစ်သော X စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

REF , Khasod English

Leave a Reply

Your email address will not be published. Required fields are marked *