၁၉.၄.၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်က အသက်ရှုမှားလောက်တဲ့ တောတောင်ရေမြေ ကျေးလက်သဘာဝ ရှုခင်းတွေ၊ ကြွယ်ဝလှတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေအမျိုးမျိုး၊ မတူကွဲပြားတဲ့ တိုင်းရင်းသားလူနေမှု အဖွဲ့အစည်းတွေ ပါဝင်တည်ရှိနေတဲ့ပြည်နယ်ကြီးတစ်ခုဖြစ်ပါတယ်။ မျိုးရိုးအစဉ်အဆက်အလိုက် ရှမ်းပြည်နယ်ရှိ ဒေသခံကျေးရွာသားတွေဟာ ထူထပ်လှတဲ့ တောတောင်တွေအကြား အသက်ရှင်နေထိုင်ရင်း လယ်ယာတွေ စိမ်းစိုသန်စွမ်းဖို့ကြိုးစားကြတဲ့ အစဉ်အလာနဲ့အညီ နေထိုင်လာခဲ့ကြတာပါ။

ဒါပေမယ့် ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုပြန်လည်ခေါင်းထောင်လာခြင်းက တောတောင်ရေမြေ ပြုန်းတီးမှုကိုဖြစ်စေကာ ပြည်နယ်ရဲ့ ချစ်စရာကောင်းတဲ့ ဒီအစဉ်အလာဓလေ့ကိုပါ ခြိမ်းခြောက်လာနေတယ်လို့ ဆိုရမှာပါ။

အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်ပျိုးမှုက ၉၅ ရာခိုင်နှုန်း ကျဆင်းသွားချိန်မှာပဲ မြန်မာက အခုဆိုရင် ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံလာရပါတယ်။ ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ဘိန်းထွက်ရှိမှုက မက်ထရစ်တန် ၁,၀၈၀ အထိရှိလာပါတယ်။ ဒီအပြောင်းအလဲက ဒေသရဲ့ ဂေဟဗေဒစနစ်နဲ့ ပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးစုတွေအပေါ် သက်ရောက်မှုတွေရှိလာကာ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ တောတောင်ရေမြေ ပြုန်းတီးမှုကိုဖြစ်လာစေခဲ့တာပါပဲ။

ဟိုပုန်းမြို့နယ်အတွင်းက လူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ခွန်သာဘယ်က “သစ်တောပြုန်းတီးမှုက ကျွန်တော်တို့ကျေးရွာတွေနဲ့ လူ့အဖွဲ့အစည်းတွေကို ကြောက်မက်ဖွယ်သက်ရောက်မှုဖြစ်စေခဲ့တယ်။သစ်တောပြုန်းတီးမှုက သစ်တောတွေအတွင်း ဇီဝမျိုးစိတ်မျိုးကွဲတွေရဲ့ ဝန်းကျင်ကိုလည်း ပျက်စီးစေတယ်။ ရေအရင်းအမြစ်တွေလည်း ဆုံးရှုံးစေတယ်။ ဒါ့ပြင် မိုးကာလမှာဆိုရင် မြေပြိုမှုတွေ၊ ရေလွှမ်းမိုးမှုတွေလည်း ဖြစ်စေနိုင်တယ်” လို့ ပြောခဲ့ပါတယ်။

ဒီလိုဆိုးရွားတဲ့အခြေအနေကို အရေးပေါ်တားဆီးရန် လိုအပ်မှုအရ ကုလသမဂ္ဂအဖွဲ့ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး (UNODC) က ဘိန်းစိုက်ပျိုးမှုနဲ့ဆက်စပ်နေတဲ့ တောတောင်ရေမြေပြုန်းတီးမှုပြဿနာကို ဖြေရှင်းရန် ရှမ်းပြည်နယ်အတွင်း အဆင့်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။သစ်တောအသုံးပြုသူများအုပ်စုအဖွဲ့လေးတွေ ဖွဲ့စည်းခဲ့ကာ ကျေးရွာသားတွေကို သူတို့ပေးထားတဲ့ကတိအတိုင်း သဘာဝအရင်းအမြစ်တွေကို ကာကွယ်ရေးမှာပါဝင်စေဖို့ စုရုံးခဲ့ပါတယ်။ ဒီလိုလုပ်ငန်းကိုဆောင်ရွက်ဖို့ သီးခြားနယ်နိမိတ်တွေသတ်မှတ်ကာ သစ်တောနယ်မြေတွေကို မထိခိုက် မဖျက်ဆီးကြဖို့ ဆောင်ရွက်ခဲ့ပါတယ်။ UNODC ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့အတူ ပြည်နယ်လူ့အဖွဲ့အစည်းအတွင်း တိုးတက်ပြောင်းလဲလာခဲ့ပြီး သစ်တောတွေ အဓွန့်ရှည်တည်တန့်ရေးစီမံချက်ကို ပါဝင်လုပ်ဆောင်လာကြပါတယ်။

“၂၀၂၀ ပြည့်နှစ်မှာတော့ သစ်တောနဲ့ ရာသီဥတုပြောင်းလဲမှုသင်တန်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် UNODC က ကျွန်တော်တို့ကို အလေအလွင့်နည်းပါးတဲ့ မီးဖိုထုတ်လုပ်မှုနည်းပညာကို ပံ့ပိုးခဲ့တယ်။ ကျေးရွာတဲက အိမ်ထောင်စုတိုင်းပဲ ဒီနည်းပညာတွေကိုသုံးပြီး အလေအလွင့်နည်းတဲ့မီးဖိုတွေ လုပ်ခဲ့ကြတယ်။ ဒီ သင် တန်းမှာ ကျွန်တော်တို့ ဒီမီးဖိုတွေကို အသုံးပြုခြင်းက သစ်တောပြုန်းတီးမှုကို လျော့ကျစေရုံမကဘဲ ရာသီဥတု အပြောင်းအလဲက ပိုလည်း ကာကွယ်ပေးတယ်ဆိုတာ ကျွန်တော်တို့လေ့လာခဲ့ရတယ်။ ဒါက မီးခိုးထွက်ရှိမှုနည်းသွားတာကြောင့် ကျွန်တော်တို့ ကျန်းမာရေးအတွက်လည်း အလွန်ကောင်းခဲ့တယ်။ ဒီစီမံချက်ကြောင့် ကျွန်တော်တို့ရွာသားတွေမှာ အသိအမြင်တွေကြွယ်ဝလာပြီး ရွာထဲမှာဆိုရင် လောင်စာထင်းခုတ်ယူမှုက သိသိသာသာကြီး လျော့ကျသွားခဲ့တယ်” လို့ ဒီအဖွဲ့အစည်းမှာပါဝင်ဆောင်ရွက်ခဲ့တဲ့ ကျေးရွာသားတစ်ဦးကဆိုပါတယ်။

UNODC ရဲ့ဒီစီမံချက်တွေကြောင့် အပြုသဘောဆောင်တဲ့သက်ရောက်မှုတွေက ရေအရင်းအမြစ် မဆုံးရှုံးစေရေးနဲ့ သဘာဝသစ်တောများထိန်းသိမ်းနိုင်ရေးတို့အတွက်ပါ အကျိုးရှိလာစေခဲ့ပါတယ်။ ကျေးရွာသားတွေအနေနဲ့ လယ်ယာများစိုက်ပျိုးခြင်း၊ ကော်ဖီ၊ လက်ဖက်နဲ့ ထောပတ်သီးစတဲ့ သူတို့ရဲ့ရိုးရာသီးနှံပင်တွေကို စိုက်ပျိုးခြင်းတို့ရဲ့ အကျိုးကျေးဇူးတွေကို သိလာတာနဲ့အမျှ သစ်တောစိုက်ပျိုးခြင်းက ကျေးရွာသားတွေရဲ့ဘဝမှာ လိုအပ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်လာရတာပါပဲ။ဒါက သူတို့အတွက် ဥပဒေနဲ့ ညီတဲ့ ဝင်ငွေရရှိစေရုံမက သူတို့ရဲ့လယ်ယာစိုက်ခင်းတွေမှာ မြေဆီလွှာတိုက်စားမှုကိုလည်း အကာအကွယ်ဖြစ်စေခဲ့ပါတယ်။

ရှမ်းပြည်နယ်အတွင်း ဒေသခံလူ့အဖွဲ့အစည်းတွေကြားမှာ သစ်တောထိန်းသိမ်းမှုကို စုရုံးဆောင်ရွက်ခြင်း နည်းပညာတွေကိုမျှဝေခြင်းနဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အသိဉာဏ်တွေကို လက်ဆင့်ကမ်းခြင်း စတဲ့ လုပ်ငန်းတွေ တဖြည်းဖြည်းပြောင်းလဲဖြစ်ပေါ်လာနေပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအကုန်မှာတော့ UNODC ရဲ့ Alternative Developoment Programme လို့ ခေါ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်က မြေ ၁,၄၀၇ ဟက်တာကို အဖိုးတန်အပင်မျိုးရင်းများအတွက် ပြန်လည်ထိန်းသိမ်းမှုပြုခဲ့ကာ မြေ ၁,၁၉၁ ဟက်တာကိုတော့ သစ်တောစိုက်ပျိုးရေးစနစ်အတွက် ပံ့ပိုး ပေးနိုင်ခဲ့ပါတယ်။ UNODC ရဲ့ ကျယ်ပြန့်တဲ့ သဘာဝပတ်ဝန်းကျင်ပညာပေးရေးစီမံချက်ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့အတူ ကျောင်းဝင်းတွေအတွင်း ပျိုးပင် ၃,၀၀၀ ကျော်ကို နှစ်စဉ်စိုက်ပျိုးနိုင်ခဲ့ပြန်ပါတယ်။

ဒါကြောင့်လည်း အခုဆိုရင် မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့ဒေသအဖြစ် အထောက်အထားပြရမှာပါ။ ဒါက ကျွန်တော်တို့အားလုံးကို ဒေသအတွက် ညီညွတ်မှုရှိတယ်ဆိုရင် စုပေါင်းတာဝန်ယူမှုရဲ့အရေးကြီးမှုနဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲ မှုတွေအတွက် အလားအလာကိုပါ အမှတ်ရစေတယ်လို့ဆိုချင်ပါတယ်။

Ref- UNSDG
.

Leave a Reply

Your email address will not be published. Required fields are marked *