၁၉. ၄. ၂၀၂၄
Written by Nyein Kyaw

လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်မည်ဆိုသောသတင်းမှာ မဟုတ်ကြောင်းနှင့် လတ်တလောတွင် လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ရန် အစီအစဉ်မရှိသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင် ပြန်လည်ဖြေကြားခဲ့သည်။

သင်္ကြန်ကာလပြီးပါက လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမည်ဆိုသော သတင်းများ လူမှုကွန်ရက်များတွင် ပျံ့နှံ့နေပြီး အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ မီဒီယာများက သတင်းထုတ်ပြန်ရေးအဖွဲ့သို့ မေးမြန်းခဲ့ရာတွင် “ယခုလောလောဆယ် မရှိသေးပါခင်ဗျာ” ဟု ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခင်က အိမ်သုံးမီတာခ တစ်ယူနစ် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၅၀ ကျပ်နှင့် စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများအတွက် တစ်ယူနစ် အနည်းဆုံး ၅၀ ကျပ်မှ ၁၅၀ ကျပ်သာ ကောက်ခံရာမှ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်မှစတင်၍ ပြောင်းလဲတိုးမြှင့် ကောက်ခံထားပြီးဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း တိုးမြှင့်ကောက်ခဲ့သည့် နှုန်းထားများအရ အိမ်သုံးလျှပ်စစ်မီတာအတွက် ၁ ယူနစ်မှ ၃၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ်နှင့် ၂၀၁ ယူနစ်နှင့် အထက် ၁၂၅ ကျပ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများအတွက် တစ်ယူနစ် အနည်းဆုံး ၁၂၅ ကျပ်မှ ၁၈၀ ကျပ်အထိ တိုးမြှင့်ကောက်ခံခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ထိုနှုန်းထားမှအက ထပ်မံတိုးမြှင့်ကောက်ခံသွားရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *