


၄.၅.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ လမ်းသွယ် (၃)တွင် ပလပ်ခုံအပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှု ယနေ့ မေလ ၄ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
မီးလောင်မှုမှာ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ်၏ အိပ်ခန်းတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ယင်းအိမ်၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“အိပ်ခန်းထဲက မီးပလပ်ခုံအပူလွန်ကဲပြီး အနားက ထရံကို မီးစွဲတာပါ၊ လူထိခိုက်မှုတော့မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် နှစ်စီး၊ ရေသယ်ယာဥ် လေးစီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ မိနစ် ၃၀ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် အသက် ၄၅ နှစ်အရွယ် ဦးမှိုဥကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မြစ်ကြီးနားနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားသည်။
