
၄.၅.၂၀၂၆
Written By Min Thet
နိုင်ငံတော်သမ္မတ ငဲ့ညှာမှုအရ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ခွင့်ရခဲ့သူ အကျဉ်းသားဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ရှေ့နေအဖွဲ့က ကြိုးပမ်းခဲ့မှုမရှိဟု MT News က စုံစမ်း သိရှိရသည်။
လူမှုကွန်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ပြီးနောက် ၎င်း၏ ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးနိုင်ရန် စီစဉ်နေကြောင်း ပျံ့နှံ့နေခြင်းအပေါ် မဟုတ်မှန်ကြောင်း တရားရုံးနှင့် နီးစပ်သူက MT News ကို အတည်ပြု ပြောဆိုခြင်းလည်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေး လုပ်ဆောင်နေတာမရှိပါဘူး။ အဲဒါ ဘယ်သူက ဘယ်လိုပြောလိုက်လဲ မသိဘူး။ စကားတွေက အကုန်လျှောက်ပြီး ကိုးရိုးကားယားတွေ။ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။ ကြားထဲက လူတွေကဘာတွေလျှောက်ပြီး နာမည်လိုချင်လို့ ကျော်ကြားနေချင်မှန်းကိုလည်း မသိတော့ဘူး။ အဲလိုလူတွေကို ရှာဖွေဖော်ထုတ်ရမှာ။ အဲလိုတွေ့ဖို့ကြိုးစားတာလည်း မရှိဘူးလေ။ ရှေ့နေဆိုတာက အမှုပဲလိုက်တာ။ တွေ့ဖို့ကြိုးစားစရာအကြောင်းမှမရှိတာ။ တော်တော်ရှင်းနေရတာ။ ရှေ့နေငါးယောက်ရှိတယ်။ အဲကိစ္စမျိုး ဆောင်ရွက်တာမျိုး၊ လျှောက်ထားတာမျိုး မရှိပါဘူး။ ရိုးရိုးလေးပဲ စဉ်းစားကြည့်လေ။ တွေ့ဖို့ ကြိုးစားတယ်ဆိုရင်တောင် ကာယကံရှင်က မတွေ့ချင်ရင် တွေ့လို့မရဘူးလေ။ လိုမှ မလိုတာ။သူ့ဘာသာတွေ့ချင်ရင် သက်ဆိုင်ရာတွေကနေတစ်ဆင့် အကြောင်း ကြားမှာပေါ့။ ဒါက သာမန်ကိစ္စမှ မဟုတ်တာ။ ရုပ်ရှင်ဗီဒီယိုတွေလို ပန်းခြံမှ မဟုတ်တာ။ ဝင်ချင်တိုင်းဝင်ရအောင်က။ အဲဘက်ကဖွနေတာ။ ဘယ်သူက ဘယ်လိုဖွနေမှန်း နားကို မလည်တော့ဘူး။ ရှေ့နေတွေ အကုန်ဒုက္ခရောက်နေတာ။ သူတို့ ဘာမှမပြောရဘဲနဲ့ ပြောလိုက်တဲ့ကောင်ကလည်း သူ့ကိုယ်သူ ရှေ့နေအဖွဲ့ရဲ့ ခေါင်းဆောင်။ ရှေ့နေအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဲ့။ အခု ရှေ့နေအဖွဲ့ ငါးယောက်ရှိတယ်။ ငါးယောက်မှာ ခေါင်းဆောင်ဆိုတာလည်း မရှိဘူး။ ပြောရေးဆိုခွင့်ရှိသူဆိုတာလည်း မရှိဘူး။ ပြောခွင့်လည်း မရှိဘူး။ ရှင်းရှင်းပြောတာ။ အဲဒါကြောင့်မို့ ဖုန်းတွေကိုင်ပြီး ရှင်းနေရတာ။ ကိုယ့်အလုပ်လုပ်ရတာ တစ်မျိုး။ ထမင်းစားဖို့လုပ်ရတာတစ်မျိုး။ ဒီပြဿနာရှင်းရတာ တစ်မျိုး။ အဲလိုဖြစ်နေကြတယ်။ တကယ်ကြိုးစား လို့ဆိုလည်း တစ်မျိုးလေ။ ဒီကိစ္စအပေါ်မှာ ဘာမှရှေ့တိုးဆောင်ရွက်တာ ဘာမှမရှိဘဲနဲ့ ဘယ်ကောင်က ဝင်ပြီး အာချောင်လိုက်လဲ မသိဘူး။ အဲဒါက ခုထိ ပွပြီး ဟိုး….နိုင်ငံတကာမှာပါဖြစ်နေတာ ပြဿနာက။ ဘယ်လိုလုပ်ကြမလဲ ပြော”ဟု တရားရုံးနှင့် နီးစပ်သူက MT News ကို ပြောသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ငဲ့ညှာမှုဖြင့် နှစ်ပတ်အတွင်း နှစ်ကြိမ် ပြစ်ဒဏ်လျှော့ချ သက်ညှာမှု ခံစားခွင့်ရခဲ့သည့်အပြင် နေအိမ်အကျယ်ချုပ် ခံစားခွင့်ပါ ထပ်မံရရှိထားခြင်းလည်း ဖြစ်သည်။
ဧပြီလ ၃၀ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ် ပေးလိုက်ကြောင်း ဖော်ပြထားသည်။
