April 29, 2024

ရှော့တိုက်ဒုံးများ အဝေးပစ်နိုင်အောင် အဆင့်မြှင့်တင်ထားဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

၁၅. ၄. ၂၀၂၄
Written by Nay Moe

သံဃာနှစ်ပါးပျံလွန်ခဲ့ရသလို လူနှစ်ဦးသေဆုံးပြီး ကလေးငယ်တွေ အပါအဝင် ပြည်သူ ၁၂ ဦး အပြင်းအထန်ဒဏ်ရာရရှိတဲ့ မဟာသင်္ကြန်အကျနေ့က ပြင်ဦးလွင်မြို့က ပြည်သူတွေ တိုက်ခိုက်ခံရမှုဟာ NUG ဩဇာခံ PDF တွေ ကျူးလွန်တာလို့ SAC အစိုးရရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

“မနေ့က ဧပြီလ ၁၄ ရက်နေ့ ည ၉ နာရီခွဲနဲ့ ၁၀ နာရီခွဲကြားမှာတော့ ပြင်ဦးလွင်မြို့ကို အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနေရာမှာ ပြင်ဦးလွင် စံပယ်ရပ်ကွက်၊ ဗလမင်းထင်ရပ်ကွက်၊ ပြီးရင် အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်၊ Luxury Hotel နားနဲ့ ရပ်ကွက်ကြီး(၅)ဘက်မှာရှိတဲ့ အရပ်သားနေအိမ်တွေအပေါ်မှာ နေရာ ၈ နေရာမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် အောင်မြေဇေယျာဘုန်းကြီးကျောင်းမှာရှိနေတဲ့ သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပါတယ်။ ပြည်သူ ၂ ဦးသေဆုံးခဲ့ပါတယ်။ ဒဏ်ရာရ ၁၂ ဦး ရရှိခဲ့ပါတယ်။ အဆိုးဆုံးကတော့ ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်မှာ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ကလေးငယ်များအပါအဝင် ၁၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး NUG PDF အမည်ခံအကြမ်းဖက်သမားတွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မကြာခင်ကလည်း ဒီအကြမ်းဖက်သမားများ အနေနဲ့ ပြင်ဦးလွင်နဲ့ မန္တလေးဆက်သွယ်ထားတဲ့ကားလမ်း ပြင်ဦးလွင်မြို့အဝင်နေရာမှာ ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရှော့တိုက်ဒုံး ၃ လုံးကျရောက်ပေါက်ကွဲခဲ့တာ ရှိပါတယ်။ ဒီနေရာမှာ စစ်ဘက်ဆိုင်ရာအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ ပြောပေမဲ့ ဒီဖြစ်စဉ်မှာကြည့်မယ်ဆိုရင် ပြင်ဦးလွင်မြို့ အချက်အချာကျတဲ့နေရာတွေ အားလုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ဆေးရုံကြီးတို့ Luxury Hotel နားတို့ ရပ်ကွက်ကြီး(၅)က လူနေအိမ်တို့ဆိုတာ သိသာတဲ့နေရာတွေဖြစ်ပါတယ်’လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

အကြမ်းဖက်သမားတွေအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေကို ဖုံးကွယ်နိုင်ဖို့အတွက် ဖြစ်စဉ်တစ်ခု ဖြစ်လာတိုင်းမှာ စစ်ဘက်ဆိုင်ရာနေရာတွေကို တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းပြချက်မျိုးပေးပေမဲ့ တစ်ကယ့်တကယ်လက်တွေ့မှာတော့ ပြည်သူ့ဘဝလုံခြုံတည်ငြိမ်မှု မရှိစေရေးအတွက် ပြည်သူလူထုရဲ့ အဓိကနေရာတွေကိုပဲ တိုက်ခိုက်တာ တွေ့ရမှာ ဖြစ်ပါတယ်။  လက်နက်/ခဲယမ်းတွေကို ကြည့်မယ်ဆို EAO အဖွဲ့တွေက အသုံးပြုနေတဲ့ လက်နက်/ခဲယမ်းတွေဖြစ်ပြီး အနီးစပ်ဆုံး ပြောရမယ်ဆို အရင်က ပြင်ဦးလွင်တစ်ဝိုက်ကို ဝင်ရောက်လာတဲ့ EAO အဖွဲ့အစည်းနဲ့ မြောက်ပိုင်းမှာရှိနေတဲ့ EAO အဖွဲ့အစည်းတွေ ဆီကနေရတဲ့ လက်နက်တွေလို့ သုံးသပ်ရသလို ဒီရှော့တိုက်ဒုံးတွေကို အဆင့်မြှင့်ထား တွေ့ရတယ်လို့လည်း ပြောပါတယ်။

” ဒီရှော့တိုက်ဒုံးတွေဟာ အဆင့်မြှင့်တင်ထားပြီး အဝေးကိုပစ်ခတ်နိုင်အောင် ပြုလုပ်ထားတာမျိုးတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တာကတော့ နိုင်ငံတော်အစိုးရအနေနဲ့ အကြမ်းဖက်မှု နှိမ်နင်ရေးများကို ပြတ်သားစွာဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူထိခိုက် ဒဏ်ရာရရှိမှု သေဆုံးမှုများနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ မိသားစုများနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *