April 29, 2024

၁၂. ၄. ၂၀၂၄
Written by Pan Ei

မြန်မာနိုင်ငံမှာ အခုဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ မြန်မာပြည်သူတွေအတွက် ပြင်းထန်တဲ့ စီးပွားရေးအကျပ်အတည်းကို တွန်းပို့နေပြီး လူလတ်တန်းစားတွေက သိသိသာသာ နည်းပါးသွားကာ ဆင်းရဲမွဲတေမှုတွေက ကျယ်ပြန့်လာနေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP)ရဲ့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူလတ်တန်းစားတွေက ပြီးခဲ့တဲ့ သုံးနှစ်က အရေအတွက်ထက် တစ်ဝက်ခန့်သာရှိတော့ပြီး ငွေကြေး ဖောင်းပွမှု မြင့်တက်လာခြင်းနဲ့ရင်ဆိုင်နေရတဲ့ အိမ်ထောင်စုတွေဟာ အစားအစာအတွက် အသုံးစရိတ်ကို လျှော့ချဖို့ ဖိအားပေးခံနေရတယ်လို့ ကုလသမဂ္ဂသုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ တစ်နေ့ကို ဒေါ်လာ ၇၆ ဆင့်(မြန်မာငွေ ကျပ် ၂၅၀၀) သာ ရရှိတဲ့ အမျိုးသားဆင်းရဲမှုမျဉ်းအောက်မှာ နေထိုင်နေကြရပါတယ်။

အင်တာဗျူးပေါင်း ၁၂,၆၀၀ ကျော်ပါဝင်တဲ့ အဆိုပါအစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုဖြစ်စဉ်ဖြစ်ပြီးနောက် အကြီးဆုံးစစ်တမ်းတွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့အဆိုအရ ၂၀၁၆ ခုနှစ်က မြန်မာ့စီးပွားရေးဟာ ကမ္ဘာပေါ်က အခြားနိုင်ငံတွေထက် ပိုမိုမြန်ဆန်စွာ တိုးတက်လာခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဒီမိုကရေစီလိုလားတဲ့ သောင်းကျန်းသူတွေက တပ်မတော်အုပ်ချုပ်ရေးကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြပြီး ဆယ်စုနှစ်များစွာကြာ စစ်ဆင်နွှဲခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ကာ မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေကြတာကြောင့် ပြည်တွင်းမှာ တိုက်ပွဲတွေများစွာ ဖြစ်ပွားလျက်ရှိနေတာပါ။

မြန်မာငွေတန်ဖိုးက အတက်အကျရှိနေပြီး ကုန်ပစ္စည်းတွေက ပိုမိုဈေးကြီးလာပေမဲ့ လုပ်အားခတွေကတော့ တက်မလာတာကြောင့် သိန်းနဲ့ချီတဲ့ အလုပ်သမားတွေကလည်း နိုင်ငံတွင်းကနေ ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လူသန်းပေါင်းများစွာက သူတို့ရဲ့လုပ်ငန်းခွင်တွေကို ပိတ်ပစ်ခြင်း၊ ဖျက်ဆီးခံရခြင်းနဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးဖို့ တွန်းအားပေးခံရခြင်းတွေကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို မထိန်းသိမ်းနိုင်ဘဲ ကျဆင်းခြင်းကို ရောက်ရှိနေကြတယ်လို့လည်း ကုလသမဂ္ဂတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အာဏာအငြင်းပွားမှုဖြစ်စဉ်နဲ့ ကိုရိုနာဗိုင်းရပ်ကူးစက်မှု နှစ်ရပ်ကြောင့် မြန်မာနိုင်ငံရဲ့ GDP ဟာ ၂၀၂၁ ခုနှစ်က ၁၈ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိခေါင်းဆောင်တွေကတော့ စီးပွားရေး ပြန်လည်ကောင်းမွန်လာကာ နှစ်စဉ် GDP ဟာ ၄ ​​ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ပြီးခဲ့တဲ့နှစ်က အခိုင်အမာဆိုခဲ့ပေမဲ့ ဒီဇင်ဘာလမှာတော့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုနှုန်းက ၁ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေမှာ ပြည်သူတွေက ဒုက္ခရောက်နေကြရတယ်လို့ UNDP က ပြောကြားခဲ့ပါတယ်။ တိုက်ပွဲတွေကြား လေကြောင်းတိုက်ခိုက်မှုဒဏ်တွေကိုပါ ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံ အရှေ့တောင်ပိုင်းက ကယားပြည်နယ်ငယ်လေးမှာ အိမ်ထောင်စုဝင်ငွေဟာ ၂၀၂၁ ခုနှစ်ကစပြီး ထက်ဝက်ခန့် ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် လူတစ်ဦးချင်းရဲ့ပျမ်းမျှဝင်ငွေကလည်း တစ်လကို ၁၄ ဒေါ်လာခန့်အထိ ကျဆင်းသွားခဲ့ပြီး အဲ့တာဟာ အသက်ရှင်နေထိုင်ဖို့အတွက်လိုအပ်တဲ့အရာတွေကို ပြည့်မီဖို့ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အနိမ့်ဆုံးပမာဏထက် လျော့နည်းသွားခဲ့တာပါ။

UNDP က အောက်တိုဘာလမှာ သူ့ရဲ့ စစ်တမ်းကို နိဂုံးချုပ်လိုက်တဲ့အခါ မြန်မာနိုင်ငံ လူဦးရေရဲ့၂၅ ရာခိုင်နှုန်းခန့်ဟာ အလွန်အန္တရာယ်များနေတဲ့ အခြေအနေမှာရှိနေတယ်လို့ အေဂျင်စီက ဆိုခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ခဲ့တဲ့ သူပုန်တွေရဲ့ ကြီးမားတဲ့ ထိုးစစ်တွေကလည်း နိုင်ငံတဝှမ်းမှာ ပဋိပက္ခတွေ တိုးလာစေကာ ပြည်သူအများအပြားကို ချောက်ကမ်းပါးစွန်းနဲ့ ဆင်းရဲတွင်းကို တွန်းပို့နိုင်ဖွယ်ရှိနေကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Ref; Washington Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News